သခင်​ကိုယ်​​တော်​မှိုင်း အမှတ်​တရ ပန်းခြံ​ဆောက်​လုပ်​ဖို့​​ မြေ​နေရာ ​လျှောက်​ထားမှု ကြန့်ကြာ​နေ

ရွှေ​တောင်​၊ ဇူလိုင် ၂ – ၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း ပြည်​ခရိုင်​ ​ရွှေ​တောင်​မြို့နယ်​ ဝါးလည်​ရွာက ဆရာကြီးသခင်​ကိုယ်​​တော်​မှိုင်း ​မွေးဖွားရာ​မြေ​နေရာမှာ အမှတ်​တရ ပန်းခြံ​ဆောက်​လုပ်​ဖို့ ​​မြေလျှောက်​ထားမှုကို မြို့နယ်အဆင့်မှာ ကြန့်​ကြာ​နေတယ်​လို့ ပြည်​ခရိုင်​ ဆရာကြီးသခင်​ကိုယ်​​တော်​မှိုင်း ငြိမ်းချမ်းရေးကွန်​ယက်​က သိရပါတယ်။

 

“မြို့နယ်​၊ တိုင်း၊ ခရိုင၊်​ ဗဟို အဆင့်​ဆင့်​ စာတင်​ပါတယ်​။ ပြီးခဲ့တဲ့နှစ်​က မြို့နယ်​ကို စာကျထားတယ်။ ဒီမြို့နယ်​အဆင့်​မှာ ကြာ​နေတာပါ။ မြေ​နေရာက ၀.၆၂ ဧက ရှိမရှိ တိုင်းတာပြီး ခရိုင်​ကို ပြန်​တင်​ပြီးရင်​ ​ဆောက်​လို့ရပြီ။ ဒါကို မြို့နယ်​မှာ တစ်​နှစ်​ကြာ​နေတယ်။”လို့  ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်က ဒေါ်နှင်းနှင်းရီက ပြောပါတယ်။

 

ဆရာကြီးသခင်ကိုယ်တော်မှိုင်း မကွယ်လွန်ခင်က အခု ခွင့်ပြုမိန့်တင်တဲ့ မြေနေရာမှာ ခေါင်းချချင်တယ်လို့  တပည့်ဖြစ်သူတွေကို ပြောခဲ့ဖူးတဲ့အတွက် ဆရာကြီးရဲ့တပည့်တွေက အဲဒီမြေနေရာကိုဝယ်ပြီး အမှတ်တရပန်းခြံနဲ့ ဆရာကြီးရဲ့အမှတ်​တရ အသုံးအ​ဆောင်​​တွေ၊ စာအုပ်​စာ​ပေ​တွေ၊ ဓာတ်​ပုံတွေထားဖို့ အ​ဆောက်​အဦးအတွက် ​မြေနေရာ လျှောက်​ထားတာလို့ သိရပါတယ်။ အဲဒီအတွက် မြေနေရာကို ၂၀၁၄ ခုနှစ်ကတည်းက လျှောက်ထားခဲ့ပေမယ့် မြို့နယ်အဆင့်မှာ ကြန့်ကြာနေတာလို့ သိရပါတယ်။

 

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့မြေးဖြစ်သူ ဒေါ်မြအေးကလည်း “လယ်မြေပုံစံ ၇ တော့ရပြီ။ အဆောက်အဦး ဆောက်ဖို့ တခြားနည်းသုံးခွင့်မရသေးဘူး။ အဘအတွက် ပြခန်းလေးဖြစ်ဖြစ်၊ ပန်းခြံဖြစ်ဖြစ် အမှတ်တရ ဆောက်မှာပါ။ ဒါကို ခွင့်ပြုမိန့် မကျသေးဘဲ ကြန့်ကြာနေတာပါ။”လို့ ဆိုပါတယ်။

 

ဆရာကြီး သခင်ကိုယ်တော်မှိုင်းဆိုတာ မြန်မာတင်မက ကမ္ဘာကပါ အသိအမှတ်ပြုထားတဲ့ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် သူ့ရဲ့မွေးဖွားရာဇာတိမှာ အမှတ်တရ၊ အထိမ်းအမှတ် တစုံတရာမရှိသေးတဲ့အတွက် အကောင်အထည်ဖော်ချင်တာကြောင့် ခုလိုမြေနေရာလျှောက်ထားတာလို့ ဆရာကြီးရဲ့တပည့်ဖြစ်သူတွေကလည်း ဆိုပါတယ်။

 

အဲဒီ မြေနေရာလျှောက်ထားမှုနဲ့ပတ်သက်လို့ ရွှေတောင်မြို့နယ် မြေစားရင်းဦးစီးဌာန ဦးစီးမှူး ဦးမျိုးမြင့်ကိုမေးမြန်းရာမှာ “မနေ့က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်း၊ သစ်တောဌာနတွေနဲ့  လျှောက်ထားတဲ့ အချက်တွေ ကိုက်ညီမှု ရှိမရှိ ပတ်ဝန်းကျင် အခြေအနေ ကွင်းဆင်းစစ်ဆေးထားပါပြီ။ မကြာခင် ခရိုင်ကို တင်ပေးမှာပါ။”လို့ ဆိုပါတယ်။

 

ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော် ၄ရက် ကြာသာပတေးနေ့မှာ ဦးစံဒွန်း၊ ဒေါ်အုန်းတို့က ပြည်ခရိုင် ရွှေတောင်မြို့ ဝါးလည်ရွာမှာ ဖွားမြင်ခဲ့တာဖြစ်ပြီး  ငယ်နာမည်မှာ မောင်လွမ်းမောင် ဖြစ်ပါတယ်။

 

အသက် ၁၉ နှစ်မှာ ရန်ကုန်မြို့ ဇဗ္ဗူကျက်သရေပုံနှိပ်တိုက်မှာ စာပြင်ဆရာအဖြစ် လည်းကောင်း၊ မြန်မာတိုင်းသတင်းစာမှာ အယ်ဒီတာ အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ပြီး ဆရာလွန်းလို့ အမည်တွင်ခဲ့ပါတယ်။

 

နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသား ယဉ်ကျေးမှု အစဉ်အလာတွေကို ဖော်ထုတ်ရေးသားပြီး မစ္စတာမောင်မှိုင်းလို့ ခေါ်တွင်ရာကနေ ဆရာမှိုင်းလို့ အမည်တွင်ခဲ့ပြန်ပါတယ်။ တို့ဗမာအစည်းအရုံးရဲ့နာယကအဖြစ် သခင်ကိုယ်တော်မှိုင်း ဖြစ်လာခဲ့ပြန်ပါတယ်။

 

အဲဒီနောက် ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ ၁၉၅၂ ခုနှစ်ကစပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်၊ မြန်မာနိုင်ငံရဲ့ဥက္ကဌဖြစ်လာခဲ့ပြီး  တရုတ်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံ၊ သီဟိုဠ်နိုင်ငံတွေမှာ သွားရောက်ကာ ကမ္ဘာ့အကျိုးကို ဆောင်ရွက်ခဲ့တဲ့အတွက် ၁၉၅၅ ခုနှစ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။ ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက် အသက် ၈၉ နှစ်အရွယ်မှာတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။

 

#voiceofmyanmar # သခင်ကိုယ်တော်မှိုင်း #အမှတ်တရပန်းခြံဆောက်လုပ်ဖို့ #မြေနေရာလျှောက်ထားမှု #ကြန့်ကြာနေ  # ပဲခူးတိုင်း #ပြည်ခရိုင် #ရွှေတောင်မြို့နယ် #ဝါးလည်ရွာ#

Related posts

Leave a Comment

VOM News

FREE
VIEW