အစိုးရဆောက်ပေးမယ့်စခန်းတွေမှာ နေထိုင်မယ့် စစ်ရှောင်မိသားစုပေါင်း ၁၁၀၀ ကျော်သာရှိ

စစ်တွေ၊ ဇူလိုင် ၄-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ထာားရှိဖို့အတွက် ရခိုင်ပြည်နယ်အစိုးရက ဒုက္ခသည်စခန်းတွေ ဆောက်လုပ်နေတာ ဖြစ်ပါတယ်။

 

အစိုးရအနေနဲ့ ဒေသတွင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည် အိမ်ထောင်စုပေါင်း ၇၀၀၀ ကျော်အတွက်ကို နေအိမ်တွေ ဆောက်လုပ်ပေးဖို့ စီစဉ်ခဲ့ပေမယ့် အဲ့ဒီစခန်းတွေမှာ နေထိုင်မယ့်အိမ်ထောင်စုပေါင်း ၁၁၀၀ ကျော်သာ ရှိတယ်လို့ အစိုးရအဖွဲ့က ပြောပါတယ်။

 

“ကျနော်တို့ ပြည်ထောင်စု အစိုးရကို တင်တဲ့အခါမှာ စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၇၀၀၀ ကျော်အတွက်ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအိမ်ထောင်စုပေါင်း ၇၀၀၀ ကျော်ဟာ လာနေပါ့မလားဆိုပြီး သုံးသပ်တဲ့အတွက် စာရင်းတွေ ကောက်ယူတဲ့အခါမှာ နေဖို့စာရင်းပေးတဲ့ အိမ်ထောင်စုက ၁၁၀၀ ကျော်ပဲရှိပါတယ်။”လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

 

အခုလိုမျိုး အစိုးရက ဆောက်လုပ်ပေးမယ့် စခန်းတွေမှာ နေမဲ့သူတွေနည်းပါးနေတာဟာ စစ်ဘေးရှောင်တွေရဲ့ မူလကျေးရွာတွေနဲ့ ဝေးလွန်းတဲ့နေရာမှာ ထားရှိမှာဖြစ်တဲ့အတွက် ရွာနဲ့အလုပ်အကိုင်တွေကို စောင့်ကြည့်ဖို့ မလွယ်ကူတာကြောင့် အဲ့ဒီစခန်းတွေမှာ နေထိုင်ဖို့အခက်အခဲတွေ ရှိနေတယ်လို့ စစ်ဘေးရောင်တွေက ပြောပါတယ်။

 

“ကျနော်တို့ကတော့ ရွာကနေထွက်ပြေးလာခဲ့တာဆိုပေမယ့် အလုပ်အကိုင်တွေ၊ လယ်တွေ၊ အိမ်တွေကို ပြန်ပြီးတော့ သွားကြည့်ရတာတွေ ရှိတယ်။ နွားတွေကိုလည်း ဒီတိုင်းထားခဲ့ရတာဆိုတော့ အားလုံးကို စောင့်ကြည့်နေရတာပါ။ အစိုးရက ဆောက်ပေးမယ့်စခန်းကတော့ ရွာနဲ့ဝေးတယ်။ ဒါကြောင့် အဲ့ဒီမှာနေဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် စာရင်းမပေးတာပါ။”လို့ မြောက်ဦးမြို့နယ် တိမ်ညိုကယ်ဆယ်ရေးခစန်းမှာ နေထိုင်တဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

 

အစိုးရ အစီအစဉ်နဲ့ ဆောက်လုပ်ပေးမယ့် စခန်းတွေထဲမှာ မြောက်ဦးမြို့နယ်မှာရှိတဲ့ တိမ်ညို စစ်ဘေးရှောင်စခန်းဟာ အခိုင်အမာဆောက်လုပ်ထားတဲ့ စခန်းတစ်ခုဖြစ်တာကြောင့် မြောက်ဦးမြို့နယ်အတွင်းမှာ ဆောက်လုပ်မယ့် စခန်းနှစ်ခုမှာ တိမ်ညိုစခန်းနဲ့ ထမ္မရာဇ်စခန်းတွေကို ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။

 

“ကျနော်တို့ ဒီစခန်းကိုဆောက်လုပ်နေတဲ့အချိန်မှာ အစိုးရအဖွဲ့က ပြောပါတယ်။ တိမ်ညိုစခန်းကို တရားဝင်စခန်းအဖြစ် အသိအမှတ်ပြုပြီးတော့ အကူအညီပေးသွားဖို့အတွက်။ မြောက်ဦးမှာ တိမ်ညိုနဲ့ ထမ္မရာဇ်စခန်းကို သူတို့ဆောက်လုပ် သွားမယ်လို့ ပြောပါတယ်။ နောက်ပိုင်းမှာတော့ မဟုတ်တော့ဘူး။ နန်းကျားကိုပဲ ပြောင်းလိုက်တယ်လို့ပြောတယ်။ ဘာကြောင့်ဒီလိုပြောင်းလိုက်တယ်ဆိုတာကိုတော့ ကျနော်တို့လည်း မသိရဘူး။”လို့ တိမ်ညိုဒုက္ခသည်စခန်း စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးဝေလှအောင်က ပြောပါတယ်။

 

ဒါ့အပြင် အစိုးရအဖွဲ့က ကနဦးအခြေအနေမှာ စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၇၀၀၀ ကျော်တို့အတွက် တစ်မြို့နယ်မှာ စခန်းနှစ်ခုစီဆောက်လုပ်ပေးသွားဖို့နဲ့ အဲ့ဒီစခန်းတွေဆောက်လုပ်ဖို့ ဘဏ္ဍာငွေ ၅ ဘီလီယံကျော်ကို သုံးစွဲသွားဖို့ လျာထားခဲ့တာ ဖြစ်ပါတယ်။

 

“ဒါပေမယ့် နေထိုင်မယ့်သူနည်းတဲ့အတွက် ဆောက်လုပ်မယ့်စခန်းအရေအတွက်လည်း လျော့နည်းသွားတာ ဖြစ်ပါတယ်။ အခုဆောက်လုပ်နေတာကတော့ ၁ ဒသမ ၆ ဘီလီယံကျော်ပဲ သုံးစွဲသွားမှာ ဖြစ်ပါတယ်။”လို့ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

 

လက်ရှိမှာတော့ အစိုးရဆောက်လုပ်ပေးမယ့် စခန်းတွေမှာနေထိုင်ဖို့ စာရင်းပေးသွင်းထားတဲ့ အိမ်ထောင်စုပေါင်း ၁၁၀၀ ကျော်အတွက် ရသေ့တော်မြို့နယ်မှာ နှစ်ခု၊ မြောက်ဦးမြို့နယ်မှာ တစ်ခု၊ မင်းပြားမြို့နယ်မှာ တစ်ခု၊ ဘူးသီးတောင်မြို့နယ်မှာ နှစ်ခုသာ ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။

 

#voiceofmyanmar #အစိုးရဆောက်ပေးမယ့်စခန်း စစ်ဘေးရှောင်မိသားစုပေါင်း၇၀၀၀ထဲက၁၁၀၀ ကျော်သာရှိ # ရခိုင်ပြည်နယ် #စည်ပင်သာယာရေးဝန်ကြီးဦးဝင်းမြင့် #ရသေ့တောင် #မြောက်ဦး #မင်းပြား #ဘူးသီးတောင် #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW