စစ်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေမှာ မထွန်ယက်နိုင်တဲ့လယ်ဧကပေါင်း သိန်းချီရှိနေ

စစ်တွေ၊ ဇူလိုင် ၆-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်ဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ဒေသတစ်ခုဖြစ်ပြီး နှစ်စဉ် လယ်ဧကပေါင်း ၁၀ သိန်းခန့်ဟာ မိုးစပါးစိုက်ပျိုးလုပ်ကိုင်လေ့ ရှိပါတယ်။

 

အခုနှစ်မှာတော့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်မြောက်ပိုင်းဒေသအတွင်းက မြို့နယ် ၇ မြို့နယ်အတွင်းမှာ တောင်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရသလို လယ်ယာလုပ်ငန်းကိုလည်း မလုပ်ကိုင်နိုင်တာကြောင့် လယ်ဧကပေါင်း သိန်းနဲ့ချီပြီးတော့ မထွန်ယက်နိုင်ကြသေးတာ ဖြစ်ပါတယ်။

 

“မြောက်ဦးမြို့နယ်မှာတော့ စစ်ပွဲတွေဖြစ်ပွားနေတဲ့အတွက် တောင်သူတွေလယ်ထွန်ဖို့ဆိုတာ တော်တော်လေးကို ခက်ခဲနေတယ်။ ကျေးရွာအုပ်စုပါင်း ၁၂ အုပ်စုအတွင်းမှာ လယ်ဧကပေါင်းက ၄ သောင်းလောက်ဟာ ထွန်ယက်ဖို့မဖြစ်နိုင်တဲ့အခြေအနေ ရှိနေပါတယ်။”လို့ မြောက်ဦးမြို့နယ် တောင်သူလယ်သမားသမဂ္ဂဥက္ကဌ ဦးစိုးနိုင်က ပြောပါတယ်။

 

ထွန်တုန်းချချိန်ကာလ တစ်လကျော်လာတဲ့အချိန်အထိ လယ်မထွန်နိုင်ကြသေးတာဟာ တောင်သူတွေ နေရပ်စွန့်ခွာ နေကြရတဲ့အပြင် တချို့နေရာတွေမှာ စစ်ကြောင်းသွားလာမှုတွေ ရှိနေတာကြောင့် ဖမ်းဆီး၊ ပစ်ခတ်ခံရမှာကို စိုးရိမ်ပြီးတော့ လယ်မထွန်ရဲကြတာ ဖြစ်ပါတယ်။

 

“ကျနော်တို့က ကိုယ့်လယ်ကိုယ် စပါးစိုက်ချင်တာပေါ့။ ဒါကကျနော်တို့ရဲ့အဓိကစီးပွားရေးပါ။ ဒါပေမယ့် လယ်ထွန်ဖို့အတွက် အခက်အခဲတွေ ရှိပါတယ်။ တချို့လယ်ထွန်တဲ့သူတွေလည်း အစောင့်နှစ်ယောက်လောက်နဲ့ စောင့်ဆိုင်းပြီးတော့ ထွန်နေကြရတယ်။ လယ်ထွန်နေတုန်း စစ်ကြောင်းတွေ ရောက်လာလို့ရှိရင် ဖမ်းဆီးခံရမှာ၊ မှားပြီးတော့ပစ်ခတ်ခံရမှာကို စိုးရိမ်ပြီးတော့ အစောင့်တွေနဲ့ ထွန်နေကြရတယ်။”လို့ တိမ်ညိုကယ်ဆယ်ရေး စခန်းမှာနေထိုင်တဲ့ စစ်ဘေးရှောင်တောင်သူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ တောင်သူတွေ ပိုင်ဆိုင်တဲ့လယ်မြေတွေနဲ့ တိုက်ပွဲဖြစ်ပွားရာနေရာတွေက လယ်မြေတွေကို အချိန်မီ မိုးစပါးစိုက်ပျိုးနိုင်အောင် ကူညီထွန်ယက်ပေးဖို့ တောင်သူလယ်သမားသမဂ္ဂက အကူအညီ တောင်းခံခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ ဆိုပါတယ်။

 

“လယ်/ဆည်ဝန်ကြီးတို့နဲ့ ဆွေးနွေးခဲ့တာရှိပါတယ်။ သူတို့ကတော့ စက်မှုလယ်ယာနဲ့ ဆိုင်တယ်လို့ ပြောတယ်။ စက်မှုလယ်ယာကလည်း စက်ကိုလိုအပ်သလောက်ကို မပေးနိုင်ဘူးဆိုပြီးတော့ ပြောတယ်။ ဝန်ကြီးကတော့ ထွန်ရဲရင်ဆိုပြီးတော့ ပြောတယ်။ ကျနော် ထင်ပါတယ် အဲ့လောက်ထိ အသက်စွန့်ပြီးတော့ ဘယ်သူမှထွန်ရဲကြမှာ မဟုတ်ဘူး။ အဲ့ဒီနေရာတွေမှာ တိုက်ပွဲတွေရပ်ဆိုင်းထားရင်တော့ ထွန်နိုင်မှာ ဖြစ်ပါတယ်။”လို့ တောင်သူလယ်သမားသမဂ္ဂဥက္ကဌ ဦးစိုးနိုင်က ပြောပါတယ်။

 

ဒါ့ကြောင့် အခုနှစ် စပါးစိုက်ပျိုးရာသီမှာ တောင်သူတွေကို ထုတ်ချေးပေးနေတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကိုလည်း လာရောက်ထုတ်ယူတဲ့ တောင်သူအရေအတွက်ဟာ အရင်နှစ်တွေကထက် သိသိသာသာနည်းပါးနေတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ သိရပါတယ်။

 

 

#voiceofmyanmar #စစ်ပွဲတွေဖြစ်ပွားနေတဲ့ဒေသ #မထွန်ယက်နိုင်တဲ့လယ်ဧကပေါင်းသိန်းချီရှိနေ  #မြောက်ဦး #တောင်သူလယ်သမားသမဂ္ဂ # တိမ်ညိုကယ်ဆယ်ရေးစခန်း #ရခိုင် #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW