ရခိုင်မြောက်ပိုင်းမှာ တစ်ရက်တည်းကျေးရွာနှစ်ရွာ မီးရှို့ခံရ

ဘူးသီးတောင်၊ ဇူလိုင် ၆-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသက ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေအတွင်းရှိ ကျေးရွာနှစ်ရွာ ဇူလိုင် ၅ ရက်က မီးရှို့ခံလိုက်ရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

 

အဲဒီမီးရှို့ခံလိုက်ရတဲ့ကျေးရွာတွေဟာ ဘူးသီးတောင်မြို့နယ်က အလယ်ချောင်း ခမီကျေးရွာနဲ့ ရသေ့တောင်မြို့နယ်က အမျက်တောင် ရခိုင်ကျေးရွာတို့ဖြစ်ပြီးတော့ တပ်မတော်စစ်ကြောင်းတစ်ခုက မီးရှို့ခဲ့တာဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

 

“မနက် ၁၀ နာရီ ၅၀ လောက်မှာ စစ်တပ်က ကျနော်တို့ရွာဘက်ကို လာတယ်။ ပြီးတော့ ရွာနားမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ ပြီးတော့ ရွာကိုမီးရှို့ခဲ့တာပါ။ အိမ် ၄၀ ကျော်ရှိတာ အကုန်လုံး မီးလောင်သွားပါတယ်။ ကျနော်တို့က လောလောဆယ်မှာ ထွက်ပြေးနေကြတာ ဖြစ်တယ်။ ရွာကိုတော့ သွားပြီးကြည့်နေကြတာပါ။”လို့ အလယ်ချောင်းကျေးရွာသား ဦးခေတ်ချူးက ပြောပါတယ်။

 

ဒါ့အပြင် ရသေ့တောင်မြို့နယ်အတွင်းက အမျက်တောင်ကျေးရွာကိုလည်း တပ်မတော်စစ်ကြောင်းက ဝင်ရောက် မီးရှို့သွားတာကို ရွာသားတစ်ဦးက “နေ့လည် ၂ နာရီလောက်မှာ စစ်ကြောင်းက ဈီးခေါင်းကျေးရွာဘက်ကနေ လာတယ်။ ကျနော်တို့ရွာနားကိုမရောက်ခင်မှာ လက်နက်ကြီးနဲ့ရွာထဲကို ပစ်တယ်။ ပြီးတော့ ဘုန်းကြီးကျောင်းနားက နေအိမ်တစ်အိမ်ကိုစပြီးတော့ မီးရှို့တယ်။ ဆယ်အိမ်လောက် လောင်သွားပါတယ်။”လို့ ဆိုပါတယ်။

 

အဲ့ဒီနေရာတွေမှာ မြန်မာ့တပ်မတော်နဲ့ AA တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တဲ့အတွက် ကျေးရွာသားတွေဟာ ရွာမှာမနေရဲကြဘဲ ထွက်ပြေးနေကြရတာပါ။ အမျက်တောင်ကျေးရွာမှာတော့ ရွာကိုစောင့်ရှောက်ဖို့ ကျန်ခဲ့တဲ့ရွာသား ၅၀ လောက်ရှိနေပြီး မီးရှို့ခံရချိန်မှာ အဲ့ဒီရွာသားတွေဟာ ဘုန်းတော်ကြီးကျောင်းမှာ ရှိတယ်ကြတယ်လို့ ဆိုပါတယ်။

 

အခုလို ကျေးရွာနှစ်ရွာ မီးရှို့ခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက“တပ်မတော်က နယ်မြေလုံခြုံရေးကိစ္စတွေကို ဆောင်ရွက်နေတာပါ။ တပ်က ရွာတွေကိုမီးရှို့တယ်ဆိုတာဟာ တမင်သက်သက်လုပ်ကြံပြီး ပြောဆိုတာပဲ ဖြစ်ပါတယ်။ အမျက်တောင်နားမှာက ကျနော်တို့ စစ်ကြောင်းတွေမရှိဘူး။ အလယ်ချောင်းအနားမှာတော့ မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်။ အဲ့ဒီမှာ လက်နက်ကြီးကျည်တွေ ကျပြီးတော့ မီးလောင်တာဖြစ်နိုင်ပါတယ်။ ရန်သူဘက်ကပစ်တာလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ဘက်က ပစ်တာလည်းဖြစ်နိုင်ပါတယ်။”လို့ ပြောပါတယ်။

 

အလယ်ချောင်းကျေးရွာဟာ လွန်ခဲ့တဲ့ ၆ လလောက်ကနေ ကျေးရွာသားတွေ ထွက်ပြေးသွားခဲ့ကြပြီး ဒုံးသိမ်ကျေးရွာမှာ ခိုလှုံနေကြတာဖြစ်ကြောင်းနဲ့ အဲ့ဒီနေရာဟာ AA ဘက်က လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့နေရာဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။

 

“ကျနော်တို့ဘက်က မီးရှို့တယ်မရှို့ဘူးဆိုတာကို ဒေသခံတွေမျက်မြင်ပါပဲ။ စစ်တပ်ဘက်က ဘယ်လိုပဲပြောပြော ဒါဟာ ဖုံးကွယ်ထားလို့ရတာ မဟုတ်ဘူး။ စစ်တပ်ဟာ ဘယ်တုန်းကမှ အမှန်မပြောဘူး။ အလယ်ချောင်းနားမှာလည်း ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာမရှိဘူး။ တပ်မ ၅၅ က မီးရှို့သွားတာလို့ ကျနော်တို့ သတင်းရထားပါတယ်။”လို့ AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

 

အခုလိုမျိုး ကျေးရွာတွကို မီးရှို့ခံလိုက်ရတဲ့အတွက် ဒေသခံတွေအနေနဲ့ စိုးရိမ်ကြောက်လန့်မှုတွေ ရှိနေပြီး ဒေသခံတချို့တို့ဟာလည်း ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။

 

#voiceofmyanmar #ဘူးသီးတောင် #ရသေ့တောင် #ရခိုင်မြောက်ပိုင်းမှာ #တစ်ရက်တည်းကျေးရွာနှစ်ရွာမီးရှို့ခံရ #          အလယ်ချောင်း #ခမီကျေးရွာ #အမျက်တောင် #

Related posts

Leave a Comment

VOM News

FREE
VIEW