Wisdom Hill မူကြိုကျောင်း တရားဝင် ဖွင့်ခွင့်မရှိဘဲ ဖွင့်တာ မသိကျိုးကျွန်ပြုတဲ့ လူမှုဝန်ထမ်း အရာရှိတွေကို အရေးယူမယ်

နေပြည်တော်၊ ဇူလိုင် ၆ – ၂၀၁၉

ကိုထွန်း(VOM)

 

နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှုဖြစ်စဉ်နဲ့ ဆက်လျဉ်းပြီး တရားဝင် ဖွင့်ခွင့်မရှိဘဲ မူကြိုကျောင်း ဖွင့်တာကို မသိကျိုးကျွန်ပြုထားတဲ့ လူမှုဝန်ထမ်း အရာရှိတွေကို ဖော်ထုတ်ပြီး အရေးယူမယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

 

“ဒီကျောင်းသည် တရားဝင်ခွင့်ပြုချက် မရဘဲ ဖွင့်ထားတာ ဖြစ်တဲ့အတွက် အရေးယူပါမယ်။ အဲဒီလို ခွင့်ပြုချက်မရဘဲ ဖွင့်ထားတာကို မသိကျိုးကျွန်ပြုထားတဲ့ လူမှုဝန်ထမ်းအရာရှိတွေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြောထားပါတယ်။ ဖော်ထုတ်ပါ၊ ကျနော်တို့ အရေးယူမယ်။” လို့ ဦးဇော်ဌေးက ပြောဆိုခဲ့တာပါ။

 

မနေ့ ဇူလိုင် ၅ ရက်က နေပြည်တော် သမ္မတအိမ်တော်ဝင်းအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ရှင်းလင်းပွဲမှာ Wisdom Hill မူကြိုကျောင်းကိစ္စကို အစိုးရအနေနဲ့ ဘယ်လိုအရေးယူမလဲ၊ ဖြစ်စဉ်အပေါ်မှာ သမ္မတနဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့က ဘယ်လိုညွှန်ကြားထားပါသလဲဆိုတဲ့ သတင်းထောင်တစ်ဦးရဲ့ မေးမြန်းမှုကို အခုလို ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ တစ်လကျော်က နေပြည်တော် သပြေကုန်းက Wisdom Hill မူကြိုကျောင်းမှာ   အသက်သုံးနှစ်မပြည့်သေးတဲ့ မိန်းကလေးငယ်ကို မုဒိမ်းကျင့်တယ်ဆိုတဲ့ ဖြစ်စဉ် ဖြစ်ပေါ်ခဲ့တာပါ။ လက်ရှိမှာတော့ အဲဒီမူကြိုကျောင်းကို ယာယီပိတ်ထားပြီး ဒီဖြစ်စဉ်ဖြစ်သွားတဲ့အတွက် Wisdom Hill ကို ခွင့်ပြုချက်ပေးမှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ အလားတူပဲ Wisdom Hill က ဖွင့်လှစ်ထားတဲ့ အခြား အထက်တန်း၊ အလယ်တန်း ကိုယ်ပိုင်ကျောင်းတွေကိုလည်း ပြန်လည်စစ်ဆေးပြီး ဥပဒေနဲ့ညီညွတ်မှု မရှိရင် အရေးယူသွားမယ်လို့ သိရပါတယ်။

 

“ဥပဒေနဲ့အညီ လုပ်ထားလား၊ မလုပ်ထားလား ပြန်စစ်ခိုင်းထားတယ်။ မဟုတ်ရင် ကျနော်တို့ အရေးယူမယ်။ ဒီလိုမျိုးဖြစ်စဉ်မှာ တာဝန်ရှိတဲ့သူ၊ ပျက်ကွက်သူကို အခုတည်ထောင်သူကိုပေါ့နော်။ ဒီကိစ္စအစိုးရပိုင်းမှာ ဆွေးနွေးနေတယ်။ blacklist(အမည်ပျက်စာရင်း) လုပ်သင့်ရင်လုပ်မယ်။ blacklist ဆိုတာက ဒီလူကို ဒီလုပ်ငန်းမျိုး နောက်ကို လုပ်ခွင့်မပေးတော့ဘူး။ ဒါကိုတော့ အခုဆွေးနွေးနေတုန်းပါပဲ။”လို့ ဦးဇော်ဌေးက ပြောပါတယ်။

 

#voiceofmyanmar #တရားဝင်ဖွင့်ခွင့်မရှိဘဲဖွင့်တာမသိကျိုးကျွန်ပြုထား #လူမှုဝန်ထမ်း အရာရှိတွေကိုအရေးယူမယ်  #နေပြည်တော် #Wisdom Hill မူကြိုကျောင်းမှာ #သက်ငယ်မုဒိမ်း #နိုင်ငံတော်သမ္မတရုံး #ဦးဇော်ဌေး

Related posts

Leave a Comment

VOM News

FREE
VIEW