ကစ္ဆပနဒီတံတားအနီး မိုင်းပေါက်ကွဲမှုဖြစ်ပွား

ကျောက်တော်၊ ဇူလိုင် ၈-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကစ္ဆပနဒီတံတားထိပ်မှာ ဒီနေ့ မနက်ပိုင်း ၈ နာရီလောက်က မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အဲ့ဒီမိုင်းပေါက်ကွဲမှုဟာ ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမရှိ ကစ္ဆပနဒီတံတားအရှေ့ဘက်မှာရှိတဲ့ ပိန္နဲချောင်းကျေးရွာကို သွားတဲ့လမ်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

 

“တံတားထိပ်မှာ မိုင်းပေါက်ကွဲတယ်ဆိုတာ ဟုတ်ပါတယ်။ ကျနော်တို့လည်း အဲ့လိုသတင်းတွေကြား နေရပါတယ်။ အသေးစိတ်တော့ မသိရဘူး။ အဲ့ဒီနေရာကို သွားကြည့်ဖို့လည်း မဖြစ်နိုင်ဘူး။ ပိန္နဲချာင်း ရာအိမ်မှူးကို မေးကြည့်တော့လည်း သူ့ကို တပ်ကခေါ်သွားတဲ့အတွက် အဆက်အသွယ်မရ ဖြစ်နေပါတယ်။”လို့ လမ္မတော်ကျေးရွာသား ဦးမောင်ကျော်သာက ပြောပါတယ်။

 

အဲ့ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ကျောက်တော်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ရဲအုပ် သဲထွဋ်အောင်က အပြင်ကိုရောက်နေတဲ့အတွက် ဖြစ်စဉ်နဲ့ပတ်သက်လို့ ဘာမှမသိရသေးဘူးလို့ ပြောပါတယ်။

 

“အဲ့ဒီနေရာက လမ်းထက်မှာ မဟုတ်ဘူး။ ရွာနဲ့တံတားနဲ့ ကြားမှာပေါ့။ လူတွေထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး။ ကျေးရွာလူကြီးကိုတော့ စစ်ဆေးဖို့အတွက် တပ်ကခေါ်ယူသွားတယ်လို့ သိရတယ်။ လောလောဆယ်တော့ ပြန်လွတ်လာတာ မရှိသေးဘူး။”လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။

 

အခုမိုင်းပေါက်ကွဲမှု ဖြစ်ပွားတဲ့နေရာဟာ မြောက်ဘက်မှာ ကျောက်တော်တောင် (သေလာဂီရိ)ရှိပြီး တောင်ဘက်မှာ ပိန္နဲချောင်းကျေးရွာနဲ့ အရှေ့ဘက်မှာ ခမရ ၃၇၅ တပ်ရင်းနယ်မြေနဲ့ တစ်ဆက်တစ်စပ်တည်း တည်ရှိနေတာ ဖြစ်ပါတယ်။

 

#voiceofmyanmar #ကစ္ဆပနဒီတံတားအနီး #မိုင်းပေါက်ကွဲမှုဖြစ်ပွား #ရခိုင် #ကျောက်တော်

Related posts

Leave a Comment

VOM News

FREE
VIEW