ဇီးကုန်းမှာ ဆိုက်တွဲယာဉ်တွေ အမြန်ဆုံး လိုင်စင်ချပေးဖို့ လိုလားနေ

ဇီးကုန်း၊ ဇူလိုင် ၉- ၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်မှာ ဆိုက်တွဲယာဉ်တွေကို လိုင်စင်ချထားပေးဖို့ တိုင်းအစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုထားပေ​မယ့်​ တစ်စုံတစ်ရာအကြောင်းပြန်တာမျိုးမရှိဘဲ ကြန့်​ကြာ​နေတဲ့အတွက် အမြန်ဆုံးဆောင်ရွက်ပေးဖို့  ဆိုက်​တွဲယာဉ်​​မောင်းသမားတွေက လိုလားနေပါတယ်။

 

“ဇူလိုင် ၇ ရက်က ပြုလုပ်တဲ့ တိုင်းအစည်းအဝေးမှာ ဆိုက်တွဲယာဉ်တွေ လိုင်စင်လုပ်ပေးဖို့ အစီအစဉ် ရှိမရှိ မေးပါတယ်။ ဆိုက်တွဲယာဉ်က စက်ပစ္စည်း ဖြစ်နေလို့ ဆွေးနွေးနေတုန်းပဲလို့ ပြောပါတယ်။”လို့ ဇီးကုန်းမြို့နယ်စည်ပင်သာယာကော်မတီ ဥက္ကဌ ဦးနေဝင်းက ပြောပါတယ်။

 

ဇီးကုန်းမြို့နယ်မှာ အရင်က အနှေးယာဉ် (ဆိုက္ကား)တွေကို အသုံးပြုရာကနေ အခုနောက်ပိုင်းမှာတော့ စားဝတ်နေရေးအတွက် အထောက်အကူပိုပြုပေးနိုင်တဲ့ ဆိုက်တွဲတွေကို အသုံးပြုလာကြတာ တွေ့ရပါတယ်။ မြို့တော်စည်ပင်သာယာ ဘီးခွန်ကောက်စာရင်းတွေအရတော့ လက်ရှိမှာ ဆိုက်တွဲ တစ်ရာကျော်ရှိနေပြီလို့ သိရပါတယ်။

 

ဆိုက္ကားနင်းခဲ့လို့ ရတဲ့ဝင်ငွေက တစ်ရက် သုံး၊လေးထောင်လောက်ရှိတာကြောင့် မလုံလောက်တဲ့ အတွက် တစ်ရက် ၇၀၀၀ လောက်ဝင်ငွေရှိတဲ့ ဆိုက်တွဲယာဉ်ကို အသုံးပြုသူ များလာတယ်လို့ ယာဉ်မောင်း ဦးနိုင်ကြီးက ပြောပါတယ်။

 

ဒါ့အပြင် သုံးဘီးတွေ၊ ဆိုင်ကယ်တွေကို လိုင်စင်ထုတ်ပေးထားပေမယ့် ဆိုက်တွဲတွေကို လိုင်စင်ထုတ်ပေးဖို့တောင်းဆိုလာတာ ငါးလဝန်းကျင်ရှိနေပြီဖြစ်ပြီး လိုင်စင်ချမပေးလို့ အခက်အခဲ ဖြစ်နေရပုံကို ဦးမင်းမင်းက “ဆိုက်တွဲနဲ့က ရပ်ဝေးလည်း လိုက်နိုင်တော့ ဝင်ငွေတိုးကြပါတယ်။ လိုင်စင်မရှိတော့ ဘယ်အချိန် ယာဉ်ထိန်းက ဖမ်းမလဲ တထိတ်ထိတ်နဲ့ လုပ်နေရတာပါ။ ဒါကြောင့် နိုင်ငံတော်က တရားဝင် လိုင်စင်ချထားပေးစေချင်ပါတယ်။”လို့လည်း ရှင်းပြပါတယ်။

 

“ကျနော်တို့က စက်ပစ္စည်းဖြစ်နေလို့ စည်းကြပ်ပေးလို့တော့မရဘူး။ ဒါပေမယ့် ဘီးခွန်တော့စည်းကြပ်လို့ရတယ်။ ဆိုင်ကယ်ဆိုရင် သုံးထောင်ကောက်တယ်၊ ဆိုက်တွဲကိုတော့ ငါးထောင်ကောက်တယ်။ လိုင်စင်ထုတ်ပေးတာမဟုတ်ဘူး၊ ဘီးခွန်ပဲ စည်းကြပ်ရတာပါ။”လို့ ဇီးကုန်းမြို့နယ် စည်ပင်သာယာ ဦးစီးဌာန ဦးစီးမှူး ဦးမျိုးဇင်ဝင်းက ပြောပါတယ်။

 

ဒါပေမယ့် ဆိုက်တွဲတွေဟာ ဒေသတွင်း ဝပ်ရှော့တွေမှာ ကိုယ်တိုင်လုပ်လေ့ရှိကြပြီး အန္တယာဉ်ကင်းရှင်းကြောင်း အစိုးရကတရားဝင် အသိအမှတ်ပြုထားတာလည်း မရှိတဲ့အတွက် စနစ်တကျစိစစ်ဖို့လိုတယ်။

 

“ဝန်ကြီးဌာနက ခွင့်ပြုမယ်ဆိုရင် ကျနော်တို့က လွှတ်တော်ကို တင်ပြပြီးခွင့်ပြုလို့ရပါမယ်။ ဘေးအန္တရာယ် ဖြစ်စေနိုင်လောက်အောင် မရှိကြောင်းစစ်ဆေးပြီးမှ ခွင့်ပြုရမှာပါ။” လို့ သာယာဝတီခရိုင် ကညန ဦးစီးမှူး ဦးအောင်ဇေဝင်းက ပြောပါတယ်။

 

#voiceofmyanmar  #ဇီးကုန်း #ဆိုက်တွဲယာဉ် #လိုင်စင်ချထားပေးဖို့တိုင်းအစိုးရကိုတင်ပြ # ပဲခူး #သာယာဝတီ #ကညန

Related posts

Leave a Comment

VOM News

FREE
VIEW