မိန်းကလေးငယ်တဦးကို ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဆိုင်ရှင်လင်မယားကို အမှုဖွင့်

ဖောင်းပြင် – ဇူလိုင် ၉ -၂၀၁၉

ဗျဂ္ဃ (VOM)

 

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့၊ ဟန် မိသားစု စတိုးဆိုင်မှာ ဈေးအရောင်းသမအဖြစ်  မုံရွာမြို့ကနေ အလုပ်သွားလုပ်နေတဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတဦးကို ဆိုင်ရှင်လင်မယားက ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အတွက် ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရတာကြောင့် ကျေနပ်မှုမရှိလို့ ဇူလိုင်လ ၈ ရက်နေ့မှာ အဒေါ်ဖြစ်သူက မုံရွာမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။

ညှဉ်းပန်းနှိပ်စက်ခံရသူမိန်းကလေးက မရွှေရည်သိန်းဆိုသူဖြစ်ပြီး ဟန် မိသားစုစတိုးဆိုင်မှာ လွန်ခဲ့တဲ့နှစ်တွေကတည်းက ၁ လကို ၅ သောင်းကျပ်နဲ့ တခြား ညီအမတွေနဲ့အတူ လုပ်ကိုင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

“အဒေါ့်သမီးက ၁ ယောက်၊ တူမ ၅ ယောက်ပေါ့။ အဲဒီမှာ ကျန်နေသေးတယ်။ အခုတူမကတော့ ၇ ရက်နေ့က ပြန်ရောက်လာတာ။ မုံရွာရောက်ပြီဆိုမှ သူတို့အကြောင်းကြားမှ သိရတာ။ လက်ပြင်ပေါ်မှာ ဒဏ်ဖြစ်ပြီး အတွင်းနာဖြစ်လို့ ဆေးရုံမှာ ခွဲရတာ။ သူတို့က လှေကားက လိမ့်ကျတာလို့ ပြောခိုင်းတာ။ ဆေးရုံကပြောတာကလည်း ဒါက လှေကားက ကျတဲ့ ဒဏ်ရာမဟုတ်ဘူးပြောတာပေါ့။ အရိုက်၊ အနှက်ခံရတာဆိုတာကတော့ ခဏခဏ ကြားတယ်။ အဲလောက်ဆိုးမယ်မှန်းမသိဘူး။ ကျွန်မတို့ကလည်း အလုပ်မရှိလို့သာ လွှတ်ထားရတာ။ အခုလည်း ကျန်တဲ့သူတွေအတွက်ပါ စိုးရိမ်လို့ အမှုဖွင့်လိုက်တာပါ။”လို့ ဒေါ်ဝင်းက ပြောပါတယ်။

 

မရွှေရည်သိန်းမှာ ညှဉ်းပန်းနှိပ်စက်ဒဏ်ရာကြောင့် ညာဖက် လက်ပြင်မှာ ညိုမဲဒဏ်ရာရခဲ့တဲ့အတွက် မုံရွာကုတင် ၅၀၀ ဆံ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် တက်ရောက်ခွဲစိပ်ကာ ဆေးကုသမှုခံယူနေရပါတယ်။

 

မရွှေရည်သိန်းရဲ့ အခြေအနေကို တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်း လူမှုဝန်ကြီးဦးစီးဌာန ညွှန်ကြားရေးမှုး၊ တိုင်းအမျိုးသမီးနှင့် ရင်ခွင့်မဲ့ကလေးငယ်စောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေလည်း သွားရောက်ကြည့်ရှု့ကာ ဥပဒေအရ ထိထိရောက်ရောက် အရေးယူနိုင်အောင် လုပ်ဆောင်နေပါတယ်။ သွားရောက်ကြည့်ခဲ့တဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက

 

“ဆရာကိုယ်တိုင်လည်းသွားကြည့်ခဲ့ပါတယ်။ဒီကိစ္စကိုကောင်းကောင်းမွန်မွန်ထိထိရောက်ရောက်အရေးယူနိုင်အောင်လုပ်ဆောင်ပါလို့မှာကြားထားခဲ့ပတယ်။ကျောနောက်မှာတော်တော်လေးကြီးတယ်။ခွဲထားတာ။ တခြားကလေးတွေကိုလည်း နိပ်စက်တယ်လို့သိရလို့ ဒီဟာကိုတော့ ပြတ်ပြတ်သားသားအရေးယူ ဆောင်ရွက်ရမှာဖြစ်ပါတယ် “ လို့   ပြောပါတယ်။

 

 

 

ရဲတပ်ဖွဲ့ရဲ့ သတင်းတွေအရ မရွှေရည်သိန်းကို နံရံမျက်နှာအပ်ကာ လက်မြှောက်ခိုင်းထားပြီး ဆိုင်ရှင်ဖြစ်သူ ဦးတင့်လွင်ဦးက ခရမ်းချဉ်သီးသေတ္တာက သစ်သားပြားနှင့် ဒေါ်ဝေဆိုသူက တံမြက်စည်းရိုးနဲ့ ဦးခေါင်း၊ လက်၊ ကျောကုန်းတို့ကို ရိုက်နှက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ကနဦး သတင်းပေးပို့ချက်မှာ ဖော်ပြထားပါတယ်။

 

အရိုက်ခံရတဲ့ ဒဏ်ရာကြောင့် ဦးခေါင်းမှာလည်း ပေါက်ပြဲခဲ့ပြီး မိသာစုဆရာဝန်နဲ့ကုသစေခဲ့တယ်လို့ ဆိုပါတယ်။ လက်ပြင်က အနာမှာ ပြည်တည်နေလို့ လှေကားက ပြုတ်ကျတာလို့ ပြောစေပြီး ဖောင်းပြင်မြို့နယ်ဆေးရုံကို ပို့ပေးခဲ့ပေမယ့် ဆေးရုံက လက်မခံတဲ့အတွက် သရောင်းဆေးရုံကို ဆက်လက်ပို့ဆောင်ကာ သရောင်းဆေးရုံကတဆင့် မုံရွာကို ကုန်တင်မော်တော်နဲ့ အလုပ်သမား ၂ ယောက်နဲ့အတူ တင်ပေးလိုက်တာဖြစ်တယ်လို့ဖော်ပြထားတာပါ။

 

လတ်တလောမှာတော့ မုံရွာမြို့မရဲစခန်းမှာ (ပ)၁၄၉၇/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅ နာကျင်စေမှု ရိုးရိုးနဲ့ အမှုဖွင့်ဆောင်ရွက်နေပါတယ်။

 

#voiceofmyanmar  #မှုခင်း #ဖောင်းပြင် #မုံရွာ  #အိမ်ဖေါ်နိပ်စက်မှု #စစ်ကိုင်းတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW