ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်လက်အောက်ထားရေးအဆိုပြုချက် ၀န်ကြီးချုပ်ဟာစီနာပယ်ချ

ဒါကာ၊ ဇူလိုင်-၉-၂၀၁၉

မျိုးဆက် (VOM)

 

ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်ကို လွှဲပြောင်းရေးအတွက် အမေရိကန်ထိပ်တန်းအမတ်တစ်ဦးရဲ့ အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာစီနာက ရှုတ်ချလိုက်ပြီး ဒီလိုလုပ်ဆောင်တာဟာ ဒေသအတွင်းမှာ ပြသနာတစ်ရပ်ကို မီးစမွှေးဖို့ အားထုတ်မှုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

 

တရုတ်နိုင်ငံကို ငါးရက်ကြာသွားရောက်ခဲ့တဲ့ သူမရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်အိမ်တော်မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ရာမှာ ရခိုင်ပြည်နယ်အရေးနဲ့ဆိုင်တဲ့ အမေရိကန်အမတ်ရဲ့ အဆိုပြုချက်နဲ့ပတ်သက်ပြီး သတင်းထောက်တွေကို အခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

ဒီအဆိုပြုချက်ကို အမေရိကန်အမတ်တစ်ဦးဖြစ်ပြီး အာရှ-ပစိဖိတ်ရေးရာ ဆပ်ကော်မတီရဲ့ ဥက္ကဌဖြစ်သူ ဘရက်လေရှာမန်းက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့တောင်အာရှဘတ်ဂျက်နဲ့ ပတ်သက်ပြီး ကွန်ဂရက်မှာ ကြားနာချိန်က တင်ပြပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

မိမိတို့အနေနဲ့ ဒီဒေသအတွင်းမှာ ငြိမ်းချမ်းဖို့အားထုတ်နေပြီး ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ် အုပ်ချုပ်မှုအောက်ထားဖို့ အဆိုပြုချက်ဟာ ပြသနာမီးမွှေးတဲ့လုပ်ရပ်ဖြစ်သလို ဒီအဆိုပြုချက်ဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာစီနာဆိုပါတယ်။

 

ဘင်္ဂလားဒေ့ရှ်ဟာ မိမိတို့နယ်စပ်၊ ပိုင်နက်နယ်မြေနယ်နဲ့အတူ ကျေနပ်ပျော်ရွှင်ကြောင်း၊ အခြားနိုင်ငံတစ်နိုင်ငံရဲ့ နယ်မြေကို ပိုင်နက်အတွင်းထည့်ဖို့ဆိုတာကို လုံးဝသဘောမတူသလို ဘယ်တော့မှလည်း ဒီလိုမလုပ်ဘူးလို့ သူမက ပြောပါတယ်။

 

အမေရိကန်အမတ် ရှာမန်းအနေနဲ့ ဒီလိုအဆိုပြုမယ့်အစား ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရေးအတွက် တိုက်တွန်းသင့်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သင့်တယ်လို့ ဟာစီနာက ပြောဆိုခဲ့ပါတယ်။

 

Ref: ANI,bdnews24

Photo : bdnews24

 

#voiceofmyanmar #ရခိုင်ပြည်နယ် #ဘင်္ဂလားဒေ့ရှ်လက်အောက်ထားရေးအဆိုပြုချက် #၀န်ကြီးချုပ်ဟာစီနာပယ်ချ #အမေရိကန်ထိပ်တန်းအမတ် #ဒါကာ #ဘင်္ဂလားဒေ့ရှ်

Related posts

Leave a Comment

VOM News

FREE
VIEW