တာဝန်နဲ့ လုပ်ပိုင်ခွင့်ကိုကျော်ပြီး ၀င်ရောက်စွက်ဖက်တဲ့ပုံစံမျိုး မဖြစ်စေဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သတိပေး

နေပြည်တော်၊ ဇူလိုင် ၁၅-၂၀၁၉

ဒီပ(နေပြည်တော်) (VOM)

 

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်ကိုကျော်လွန်ပြီး ၀င်ရောက်စွက်ဖက်တဲ့ပုံစံမျိုး မဖြစ်စေဖို့ အထူးသတိပြုရမှာ ဖြစ်တယ်လို့ ဒီနေ့ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောပါတယ်။

 

“လွှတ်တော်များရဲ့ အဓိကတာဝန်ဟာ ဥပဒေပြုရေးတာဝန်ပဲ ဖြစ်ပါတယ်။ မိမိတို့ပြည်သူတွေအတွက် ဒီမိုကရေစီစံနှုန်းနဲ့ကိုက်ညီတဲ့ ဥပဒေများကို ရေးဆွဲပြဌာန်းပေးကြရမှာ ဖြစ်ပါတယ်။ ဒုတိယတာဝန်ဖြစ်တဲ့ စောင့်ကြည့်ထိန်းညှိခြင်း တာဝန်ကိုလည်း ဥပဒေ၊ နည်းဥပဒေများနဲ့အညီ စနစ်တကျ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ လွှတ်တော်ကိုယ်စားလှယ်များရဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး ၀င်ရောက်စွက်ဖက်တဲ့ပုံစံမျိုး မဖြစ်စေဖို့ အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။”လို့ ပြောကြားခဲ့တာပါ။

 

ဒါ့အပြင် လက်ရှိနိုင်ငံတကာအခြေအနေတွေကို လေ့လာအကဲခတ်ကြည့်မယ်ဆိုရင်လည်း နိုင်ငံရေးရည်မှန်းချက် အပြောင်းအလဲတွေနဲ့ မူဝါဒအပြောင်းအလဲတွေကို တွေ့မြင်ကြရမှာဖြစ်တဲ့အတွက် အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဆိုတာမရှိတာကြောင့် နိုင်ငံအကျိုးစီးပွားကိုသာ အဓိကဦးစားပေးရမယ်လို့ သိရပါတယ်။

 

ဒါကြောင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြပြီး သက်ဆိုင်ရာမဲဆန္ဒနယ်သာမက ပြည်သူလူထုတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို ဖွံ့ဖြိုးတိုးတက်အောင် ကြံဆောင်နိုင်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်စေဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

 

“ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ဖို့အတွက် ထာဝရငြိမ်းချမ်းရေး ရရှိရေးဟာ အရေးအကြီးဆုံး မှတ်တိုင်တစ်ခုဖြစ်နေပါတယ်။ ဒီမိုကရေစီအခြေခံတဲ့ ဖက်ဒရယ်မူတွေရရှိဖို့ မိမိတို့အားလုံး ၀ိုင်းဝန်းပံ့ပိုးပေးကြရမှာ ဖြစ်ပါတယ။်”လို့ ဦးတီခွန်မြတ်က ဆိုပါတယ်။

 

ငိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်မှသာ မိမိတို့ရဲ့နောင်လာနောက်သား မျိုးဆက်တွေအတွက် ကောင်းမွန်တဲ့အမွေတွေ ထားခဲ့ပေးနိုင်မှာဖြစ်ပါတယ်။ မိမိတို့ပြည်သူ့ကိုယ်စားလှယ်များဟာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိနိုင်ဖို့အတွက် ပြည်သူများနဲ့အတူ ကျရာအခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်လို့ ဆိုပါတယ်။

 

ဒီနေ့ အစည်းအဝေးကာလအတွင်း ဆွေးနွေးကြရမယ့် ဥပဒေကြမ်း (၁၄) ခုရှိသလို အဆိုအနေနဲ့ ပြီးခဲ့တဲ့ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလက တင်သွင်းခဲ့ပြီး ဆွေးနွေးဖို့ကျန်ရှိနေတဲ့ အဆို(၃)ခုနဲ့ အခုအသင့်ဖြစ် အဆို(၁၂)ခုရှိတဲ့အတွက် ဆွေးနွေးဖို့အဆိုစုစုပေါင်း (၁၅)ခုရှိနေတာ ဖြစ်ပါတယ်။

 

#voiceofmyanmar #တာဝန်နဲ့လုပ်ပိုင်ခွင့်ကိုကျာ်ပြီးဝင်ရောက်စွက်ဖက်တဲ့ပုံစံမျိုးမဖြစ်စေဖို့ #ပြည်သူ့လွှတ်တော်ဥက္ကဌသတိပေး #ဦးတီခွန်မြတ် #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW