အလယ်တန်းပညာသင်ခွင့်ရရှိရေး ဆင်ရောက်ကုန်းကျေးရွာဒေသခံအချို့ဆန္ဒထုတ်ဖော်

ဒီပဲယင်း၊ ဇူလိုင် ၁၅- ၂၀၁၉

ရန်နိုင်စိုး (VOM)

 

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဆင်ရောက်ကုန်းကျေးရွာရှိ အလယ်တန်းကျာင်းသား၊ကျောင်းသူ ၃၆ ဦး ဆက်လက်ပညာသင်ကြားနိုင်ရေးနဲ့ပတ်သတ်ပြီး ဒေသခံအချို့ ဒီနေ့ ဇူလိုင်လ ၁၅ ရက်က  မုံရွာမြို့ပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

ဆင်ရောက်ကုန်းကျေးရွာမှာ မူလတန်းကို ပညာသင်ကြားခွင့်ပေးထားပေမယ့် အလယ်တန်းကျောင်းမရှိလို့ ကိုယ်ထူကိုယ်ထဆောက်လုပ်ပြီး အလယ်တန်းကျောင်းပညာရေးကို သင်ကြားနေကြရာမှာ တိုင်းပညာရေးအဖွဲ့ရုံးကနေ ပိတ်လိုက်တဲ့အပေါ် ကျေနပ်မှုမရှိလို့ဆိုပြီး အခုလို ဆန္ဒထုတ်ဖော်ကြတာလို့ ဒေသခံတွေက ဆိုပါတယ်။

 

‌” ကျနော်တို့ကလေးတွေက အခုလိုပိတ်ပင်ခံလိုက်ရတော့ ဘယ်မှာ ပညာဆက်လို့သင်ရမှန်းလည်း မသိဘူး။ ကိုယ်ထူကိုယ်ထကျောင်းကို ဆောက်တာကလည်း တိုင်းလူမှုရေးဝန်ကြီးက သဘောတူပြီးသားပါ။ ဒါနဲ့ သင်တာလည်း တစ်လလောက်ရှိပြီ။ ဒီလပိုင်း ၅ ရက်နေ့ကမှ ပညာရေးအဖွဲ့တွေနဲ့ ဝန်ကြီးက အလယ်တန်းသင်ကြားခွင့်မရှိဘူးလို့ လာအကြောင်းကြားတာ။” လို့ ဆင်ရောက်ကုန်းကျေးရွာက ကိုနိုင်မင်းက ပြောပါတယ်။

 

တခြားရွာတွေဘက် သွားရောက်သင်ကြားဖို့ကလည်း အခက်အခဲဖြစ်တဲ့အတွက် အခုလို ကိုယ်ထူကိုယ်ထ ဆောင်ရွက်ကြတာလို့ သိရပါတယ်။ အခုလိုဆန္ဒထုတ်ဖော်လို့မှ အကြောင်းထူးမလာရင်တော့ နေပြည်တော်ထိ အဆင့်ဆင့် ဆောင်ရွက်သွားမယ်လို့ ဆန္ဒထုတ်ဖော်ခဲ့ကြသူတွေက ဆိုပါတယ်။

 

စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဦီးဇော်ဝင်းကတော့ “ကိုယ်ထူကိုယ်ထကျောင်းအနေနဲ့ တရားဝင်စာတင်ဖို့ရာ ပညာရေးရုံး အဆင့်ဆင့် စာတင်ပါလို့ ကျနော်ပြောခဲ့တာ ရှိပါတယ်။ အခုကတော့ တရားဝင်စာ မကျသေးလို့ ဇူလိုင်လ ၅ ရက်နေ့က မြို့နယ် AD ရုံးခေါ်ပြီး စာသင်တာကို ရပ်နားခိုင်းထားရတာပါ။ ဒါစနစ်တကျ အဆင့်ဆင့်ပြုလုပ်ရမှာ။  ကလေးတွေအတွက်ကတော့ အဆင်ပြေအောင် ဆောင်ရွက်သွားမှာပါ။ ” လို့ ပြောပါတယ်။

 

‌ဒေသခံ ၁၀၀ ကျော်လောက်ပါဝင်တဲ့ ဒီဆန္ဒထုတ်ဖော်မှုကိုတော့ မုံရွာမြို့ရှိ ဗိုလ်ချုပ်လမ်းတစ်လျှောက်မှာ စီတန်းလှည့်လည်ပြီး လုပ်ဆောင်ခဲ့ကြတာပါ။ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂ ရက်ကလည်း အဲဒီကျေးရွာမှာ အလယ်တန်းပညာသင်ခွင့် ကျောင်းရရှိရေးနဲ့ ပတ်သတ်ပြီး ဒေသခံတွေဟာ ဒီပဲယင်းမြိုပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ပါသေးတယ်။

 

#voiceofmyanmar # အလယ်တန်းပညာသင်ခွင့်ရရှိရေးဆန္ဒထုတ်ဖော် #ဆင်ရောက်ကုန်းရွာ #ဒီပဲယင်း #မုံရွာ #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW