မြေဖို့အိမ်ယာစီမံကိန်းကြောင့် စစ်တွေဈေးဆိပ်ကမ်းမှာ ခရီးသည်တွေကို ပို့ဆောင်ပေးနေတဲ့ ကူးတို့လှေတွေ ကမ်းကပ်လို့မရ

စစ်တွေ၊ ဇူလိုင် ၁၅-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကုလားတန်မြစ် အနောက်ဘက်ကမ်းမှာ အိမ်ယာမြေကွက်သစ်တွေ ဖော်ဆောင်ရေးစီမံကိန်းအဖြစ် ကိုးရီးယားနိုင်ငံပိုင် BXT ကုမ္ပဏီနဲ့ ရခိုင်ပြည်နယ်အစိုးရတို့ အကျိုးတူ ပူးပေါင်းပြီးတော့ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

 

အဲ့ဒီစီမံကိန်းကနေ မြစ်ကမ်းတောက်လျှောက်ကို မြေဖို့ပြီးလှိုင်းကာနံရံတွေ ပြုလုပ်လိုက်တဲ့အတွက် အခုလိုမိုးတွင်းရာသီမှာ ပင်လယ်ရေလှိုင်းတွေ ရိုက်ခတ်မှု ပြင်းထန်လာပြီး အဲဒီဆိပ်ကမ်းမှာ ကုန်စည်နဲ့ ခရီးသည်တွေကို ပို့ဆောင်နေတဲ့ ကူးတို့လှေတွေဟာ ကမ်းကပ်လို့မရဘဲ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

 

“ဒီနေရာမှာ မြေမဖို့ခင်ကဆိုရင် လှေတွေက ဟိုးကမ်းကို ထိကပ်လို့ရတယ်၊ လှိုင်းလေ သိပ်မရှိဘူး။ ကမ်းကပ်ရတာလည်း အခက်အခဲမရှိဘူး။ ကုန်ပစ္စည်းတွေတင်ချရတာလည်း အဆင်ပြေတယ်။ လူတွေအတက်အဆင်းလည်း အဆင်ပြေတယ်။ အခုက ဒီလိုလုပ်လိုက်တော့ အကုန်လုံး အခက်အခဲတွေဖြစ်သွားတာပဲ။ လှိုင်းကြီးတဲ့နေ့တွေဆိုရင် လှိုင်းဘုတ်တွေလည်း ဒီနားမှာ ရပ်လို့မရတော့ ချောင်းထဲကိုဝင်ပြီးတာ့ ရပ်ကြတယ်။ ဆိုတော့ ကျနော်တို့ လှေသမားတွေ အလုပ်မဖြစ်တော့ဘူး။ အခက်အခဲတွေကတော့ အမျိုးစုံပါပဲ။”လို့ လှေသမားကိုထွန်းလင်းက ပြောပါတယ်။

 

အဲ့ဒီလှေငယ်တွေဟာ ပေါက်တော၊ မြေပုံ၊ မင်းပြားစတဲ့မြို့နယ်တွေကနေ စစ်တွေမြို့ကို ပြေးဆွဲနေတဲ့ လှိုင်းဘုတ် (မော်တော်) တွေနဲ့ စစ်တွေမြို့မဈေးကြီးဆိပ်ကမ်းကို ကူးတို့ပို့ပေးနေတဲ့ လှေငယ်တွေဖြစ်ပြီး အခုလိုမျိုး ကမ်းကပ်လို့မရတဲ့အတွက် ကုန်စည်တွေကို အတင်အချလုပ်ရာမှာ အခက်အခဲတွေရှိနေသလို ခရီးသည်တွေ အတက်အဆင်းအတွက်လည်း စိုးရိမ်နေရတဲ့အနေအထားနဲ့ ရင်ဆိုင်နေကြရတယ်လို့ လှေသမားတွေက ဆိုတာပါ။

 

“ကျနော်က ပေါက်တောမြို့နယ်က စစ်တွေကိုဈေးလာဝယ်တာပါ။ အခု ဆိပ်ကမ်းမကောင်းတော့ လှိုင်းလေကြီးနေတဲ့ မိုးတွင်းရာသီမှာ ကုန်စည်တွေကို တင်ချရတာ လုံးဝမဆင်မပြေဖြစ်ပါတယ်။ လူတွေအတက်အဆင်းလည်း အန္တရာယ်များတယ်။ အရင်ကဒီလိုမျိုးမဖြစ်ဘူး။ လှိုင်းကြီးလည်း အခက်အခဲမရှိဘူး။ ဆိပ်ကောင်းကောင်းတစ်ခု လိုအပ်နေပါတယ်။”လို့ ဈေးသည်ဦးထွန်းချေက ပြောပါတယ်။

 

ဒါ့ကြောင့် အဲ့ဒီလှေတွေ အလွယ်တကူ ကမ်းကပ်နိုင်ရေးနဲ့ ခရီသည်တွေသွားလာရေးအဆင်ပြေစေဖို့အတွက် ကောင်းမွန်တဲ့ဆိပ်ကမ်းတစ်ခုလုပ်ပေးဖို့ လိုအပ်နေပြီး အခုလိုသွားလာနေကြရမယ်ဆိုရင်တော့ ပင်လယ်ပြင်အတွင်း လှိုင်းလေပိုမိုပြင်းထန်လာပါက အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်တယ်လို့ ခရီးသည်တွေက ပြောပါတယ်။

 

#voiceofmyanmar #မြေဖို့အိမ်ယာစီမံကိန်း #စစ်တွေ #ဈေးဆိပ်ကမ်း #ကူးတို့လှေတွေကမ်းကပ်လို့မရ #ရခိုင် #ကုလားတန်မြစ် #ကိုးရီးယားနိုင်ငံပိုင် BXT ကုမ္ပဏီ # ပေါက်တော #မြေပုံ #မင်းပြား

Related posts

Leave a Comment

VOM News

FREE
VIEW