လမ်းမကြီးတွေမှာ လမ်းဘေးဈေးသည်တွေ ပပျောက်အောင် လုပ်ဆောင်နေ

ရန်ကုန် ၊ ဇူလိုင် ၁၆ – ၂၀၁၉

သိဂီ င်္(VOM)

 

ရန်ကုန်မြို့က လမ်းမကြီးတွေမှာ လမ်းဘေးဈေးသည်တွေ ပပျောက်အောင် အဓိကထား  လုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးသန်းက ပြောပါတယ်။

 

ရန်ကုန်မြို့လယ်က လူစည်ကားတဲ့ လမ်းမကြီးတွေဖြစ်တဲ့ မဟာဗန္ဒုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်လမ်း၊ ကုန်သည်လမ်းမတန်း ၄ ခုမှာ လမ်းဘေးဈေးသည်တွေမရှိအောင် လုပ်နေတယ်လို့ ဇူလိုင်လ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သတင်းစာရှင်းလင်းပွဲအပြီး လမ်းဘေးဈေးသည်တွေနဲ့ပတ်သက်လို့ မေးမြန်းမှုအပေါ် ပြန်လည်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

” လုံးဝကြီးပပျောက်အောင်ဒါကို တိတိကျကျ အရေးယူလို့ရလားဆိုတော့ မရပါဘူး။ သို့သော်လမ်းမကြီးတွေမှာ တိတိကျကျ လုပ်မယ်။ တဖက်ကလည်း လမ်းဘေးဈေးသည် ပပျောက်အောင်လုပ်နေသလို နောက်တဖက်က နေလည်း နည်းနည်းလေး နိမ့်ပါးတဲ့ အများပြည်သူရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ စားဝတ်နေရေး အဆင်ပြေအောင် ကော်မတီအနေနဲ့ စဉ်းစားပေးရတယ်။ “လို့ ဦးသန်းက ပြောပါတယ်။

 

လမ်းဘေးဈေးသည်တွေ ပပျောက်အောင်လုပ်ဆောင်တဲ့နေရာမှာ လမ်းမကြီးတွေကို ဦးစားပေးလုပ်နေပြီး  လမ်းကြားတွေမှာတော့ ရပ်ကွက်၊ လမ်းအနေအထားပေါ်မူတည် ညှိနှိုင်းကာ ထွက်ပေါက်တစ်ခုအနေနဲ့ ဈေးသည်တွေရဲ့ စားဝတ်နေရေးအဆင်ပြေဖို့ ဈေးရောင်းချခွင့်ပေးထားပါတယ်။

 

” ညနေ ၆ နာရီနောက်ပိုင်းမှ ဈေးဗန်းခင်းရတယ်၊ ရောင်းရတယ် ၊ ညဘက်ကို ၁၀ နာရီဝန်းကျင်လောက်ထိတော့ရောင်းတယ်။ ညနေ ရုံးဆင်း ၊ အလုပ်ပြန်ချိန် ရောင်းရတာဖြစ်လို့ ညနေ ၅ နာရီထဲက ထွက်ရရင်တော့ အဆင်ပြေတာပေါ့။ ဒါပေမယ့်လည်း အခုလို ရောင်းခွင့်ပေးတာပဲ ကျေးဇူးတင်ရမှာပါ။ အရင်ကဆို စည်ပင်လာပြီဆိုတဲ့အသံကြားတာနဲ့ ပစ္စည်းတွေ အကုန်သိမ်း ပုန်းရတာ။”လို့ ကမာရွတ်မြို့နယ်  လှည်းတန်းဈေးအနီးမှာ ကုန်စိမ်းရောင်းချသူ မသန်းသန်းက ပြောပါတယ်။

 

လက်ရှိရန်ကုန်မြို့ရဲ့ လမ်းဘေးဈေးသည်အခြေအနေကတော့ မြို့ရဲ့ နေရာတိုင်း၊ လမ်းမတိုင်းမှာ ဈေးရောင်းချနေမှုတွေရှိနေတဲ့အပြင် လူစည်ကားရာနေရာတွေမှာဆိုရင်တော့ ညဘက် ၁၀ နာရီလောက်ထိ ရောင်းချမှုတွေရှိနေတာပဲ ဖြစ်ပါတယ်။

 

ဒါကြောင့် လက်ရှိ အစိုးရအဖွဲ့က လမ်းဘေးဈေးသည် ပပျောက်စေဖို့ဆိုပြီး ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နှစ်ကုန်ခါနီးအချိန်မှာ ရန်ကုန်မြို့လယ်ခေါင်က မြို့နယ်တချို့က အစားအသောက်နဲ့ သစ်သီးရောင်းချတဲ့ ဈေးသည် ၁၆ဝဝ ခန့်ကို ကမ်းနားလမ်းကို ပြောင်းရွေ့ပေးခဲ့ပါတယ်။

 

သက်ဆိုင်ရာမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးရုံးတွေရဲ့ ၂၀၁၆ ခုနှစ် လမ်းဘေးဈေးသည် ကောက်ခံမှုစာရင်းတွေအရ ကျောက်တံတား၊ ပန်းပဲတန်းနဲ့ လသာမြို့နယ် သုံးခုပေါင်းမှာကိုပဲ လမ်းဘေးဈေးသည် ဦးရေ ၆ ထောင်ကျော် (၆ဝ၄၁)ဦး ရှိတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #လမ်းမကြီး #လမ်းဘေးဈေးသည်ပပျောက်အောင်လုပ်ဆောင် #ရန်ကုန် #စည်ပင်သာယာ

Related posts

Leave a Comment

VOM News

FREE
VIEW