ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာစစ်ဘက်ခေါင်းဆောင်တွေကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်

ဝါရှင်တန်၊ ဇူလိုင်-၁၇-၂၀၁၉

မျိုးဆက် (VOM)

 

ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ခဲ့တဲ့အပေါ် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အခြားစစ်ဘက် ထိပ်တန်းခေါင်းဆောင်တွေကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်တယ်လို့ အမေရိကန်က ဇူလိုင် ၁၆ ရက်မှာ ကြေညာလိုက်ပြီး သူတို့ကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။

 

ဒီိလိုအရေးယူပိတ်ဆို့မှုတွေ ချမှတ်ရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လက်ထောက် ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ အခြားထိပ်တန်းစစ်ဘက်အရာရှိနှစ်ဦးနဲ့ သူတို့ရဲ့ မိသားစုတွေပါဝင်ပြီး ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးယူရာမှာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။

 

လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို မြန်မာအစိုးရက အရေးယူမှုမပြုလုပ်နိုင်သေးတာနဲ့ နိုင်ငံတစ်ဝန်းမှာ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက်ကျူးလွန်နေတယ်ဆိုတဲ့ သတင်းတွေ ထပ်ပြီးထွက်နေတဲ့အပေါ် စိုးရိမ်ပူပန်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

 

ဒါ့အပြင် အင်းဒင်ရွာမှာ သတ်ဖြတ်ခဲ့မှုတွေကို ကမ္ဘာက သိအောင်ဖော်ထုတ်ရေးသားခဲ့တဲ့ ရိုက်တာသတင်းထောက်နှစ်ဦး ထောင်ထဲမှာ ရက်ပေါင်း ၅၀၀ ကျော် အကျဉ်းကျခံနေရချိန်မှာ သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သူတွေဟာ ထောင်ထဲမှာ လအနည်းငယ်ပဲ နေခဲ့ရပြီး ကာကွယ်ရေးဦးစီးချုပ်က ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ပွန်ပီယိုက ပြောပါတယ်။

 

ရိုဟိုဂျာကိုယ်စားလှယ်တွေတက်ရောက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မိုက်ပွန်ပီယိုက လက်ခံကျင်းပခဲ့တဲ့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး နိုင်ငံတကာ ၀န်ကြီးဌာနအဆင့်ဆွေးနွေးပွဲ ပထမဆုံးနေ့မှာ မြန်မာစစ်ဘက်ခေါင်းဆောင်တွေအပေါ် အရေးယူပိတ်ဆို့တဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 

Ref : CNA

Photo : Reuters

 

#voiceofmyanmar #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #မြန်မာစစ်ဘက်ခေါင်းဆောင်တွေ #အမေရိကန် #ပိတ်ဆို့ဒဏ်ခတ် #ရခိုင် #ရိုဟင်ဂျာ #ဝါရှင်တန် #

Related posts

Leave a Comment

VOM News

FREE
VIEW