စစ်ကိုင်း ဧမြဝတီရပ်ကွက်မှာ ဧရာဝတီမြစ်ရေဝင်ရောက်လို့ မြေနိမ့်ပိုင်းက လူနေအိမ်အချို့ ပြောင်းရွှေ့နေရပြီ

စစ်ကိုင်း၊ ဇူလိုင် ၁၈- ၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

စစ်ကိုင်းမြို့ ဧမြဝတီရပ်ကွက်မှာ ဧရာဝတီမြစ်ရေဝင်ရောက်တဲ့အတွက် မြေနိမ့်ပိုင်းမှာနေထိုင်တဲ့ လူနေအိမ်အချို့ စတင်ပြောင်းရွှေ့နေရပြီလို့ ဒီနေ့မနက်ပိုင်းမှာ ဒေသခံတွေဆီက သိရပါတယ်။

 

”ရေက တနေ့ကို တစ်ပေ၊ တစ်ပေခွဲလောက် တက်လာတယ်။ ရပ်ကွက်နေပြည်သူတွေက ချိုင့်ဝှမ်းထဲမှာနေရတဲ့ အခါကျတော့ တဖြည်းဖြည်း  ရွှေ့ပြီးနေထိုင်လာရာကနေ ခုက ရပ်ကွက်အတွင်းမှာ ထားစရာနေရာမရှိတော့ ခံတပ်ကြီးရဲ့ မြောက်ဘက် ဆေးရုံဝန်ထမ်းအိမ်ရာဘေးမှာ နှစ်စဉ်ထားနေတဲ့ နေရာလေးမှာပဲ နေရာချထားပေးမယ်။”လို့ ဧမြဝတီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက ပြောပါတယ်။

 

ဧမြဝတီရပ်ကွက်မှာ နှစ်စဉ် ဧရာဝတီမြစ်ရေ ဝင်ရောက်တဲ့အတွက် မြေနိမ့်ပိုင်းမှာ နေထိုင်တဲ့ အိမ်ထောင်စုတွေဟာ ရပ်ကွက်ဝင်ရာလမ်းပိုင်းဘေးဝဲ၊ယာနဲ့ ဘုန်းကြီးကျောင်းအချို့မှာ  ရွှေ့ပြောင်းနေထိုင်နေကြရတာပါ။ ဒါပေမယ့် အချို့အိမ်ထောင်စုတွေက  နေထိုင်မှု၊ သန့်ရှင်းသပ်ရပ်မှုမရှိလို့ဆိုပြီး ဒီနှစ်မှာတော့ ဘုန်းကြီးကျောင်းတွေက လက်မခံတော့ဘူးလို့  ဧမြဝတီရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

 

လက်တလော စာရင်းလာပေးတာတဲ့ အိမ်ထောင်စုကတော့ ၁၅ စုလောက်သာရှိသေးပြီး သူတို့ကို ရပ်ကွက်အရှေ့ပိုင်း၊ အနောက်ပိုင်းက လမ်းဘေးဝဲယာမှာပဲ ချထားပေးသွားမယ်လို့ သိရပါတယ်။

 

စစ်ကိုင်းမြို့ရဲ့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ဟာ (၁၁၅၀)စင်တီမီတာဖြစ်ပြီး နောက်သုံးရက်အတွင်း စိုးရိမ်ရေအမှတ် ရောက်ရှိနိုင်တယ်လို့ စစ်ကိုင်းခရိုင် မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

 

#voiceofmyanmar #စစ်ကိုင်း #ဧမြဝတီရပ်ကွက် #ဧရာဝတီမြစ်ရေဝင်ရောက် #မြေနိမ့်ပိုင်းလူနေအိမ်အချို့စတင်ပြောင်းရွှေ့

Related posts

Leave a Comment

VOM News

FREE
VIEW