လက္ကာကျေးရွာသားတွေအပါအဝင် တရားစွဲခံနေရသူတွေနဲ့ မိသားစုတွေ တွေ့ခွင့်မရ

စစ်တွေ၊ ဇူလိုင် ၁၈-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်အတွင်းက AA အဖွဲ့နဲ့ ဆက်နွှယ် ပတ်သက်သူတွေဆိုပြီးတော့ တပ်မတော်ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရသူတွေကို ဒီနေ့ ဇူလိုင်လ ၁၈ ရက်က စစ်တွေခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

 

အဲ့ဒီ ဖမ်းဆီးခံနေရသူတွေဟာ ပုဒ်မ ၅၀၊ ၅၀ (က)စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆို ခံနေကြရတာဖြစ်ပြီး  လက်ရှိမှာ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရဘဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။

 

“ကျမယောက်ျားအပါအဝင် ဖမ်းဆီးခံနေရသူတွေအားလုံးဟာ ကျန်းမာရေး မကောင်းကြဘူး။ ဒါကြောင့် ဆေးဝါးတွေ ပေးနေရတုန်းပါပဲ။ သူတို့ကို ရဲဘက်ကို လွှဲပေးလိုက်ပြီးစမှာတော့ တွေ့ခွင့်ရတယ်။ အမှတ် ၁ ရဲစခန်းမှာ နှစ်ကြိမ်လောက် တွေ့ခဲ့ရတယ်။ အခုနောက်ပိုင်းတွေမှာ တွေ့ခွင့်မပေးတော့ဘူး။ ရုံးထုတ်မှ ခဏလေး တွေ့ခွင့်၊ မြင်ခွင့်ရကြပါတယ်။ သူတို့ဘာတွေ လိုအပ်နေလဲ။ ဘာဖြစ်နေလဲ ဆိုတာကိုလည်း သိခွင့်မရဘဲ ဖြစ်နေပါတယ်။”လို့ ဖမ်းဆီးခံထားရသူတွေထဲက တစ်ဦးရဲ့ အမျိုးသမီးက ပြောပါတယ်။

 

ဖမ်းဆီးခံခဲ့ရသူတွေကတော့ သူတို့တွေဟာ မတရားဖမ်းဆီးခံနေကြရတာဖြစ်သလို သူတို့အားလုံးဟာ AA အဖွဲ့နဲ့ ဆက်နွယ်မှုမရှိဘဲ မိမိတို့ရဲ့အလုပ်အကိုင်တွေကိုသာ လုပ်ကိုင်နေကြတဲ့ ကျေးရွာသားတွေ ဖြစ်တယ်လို့ ဒီနေ့ရုံးထုတ်မှာ ပြောဆိုခဲ့ကြပါတယ်။

 

“ကျနော်တို့ကို ရွာဘုန်းကြီးကျောင်းကနေ အုပ်စုလိုက် စစ်တပ်ကဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ကျနော်တို့ကို နှိပ်စက်တယ်။ ပုံစံမျိုးစုံနဲ့ နှိပ်စက်ပြီးတော့ AA လို့ ပြောခိုင်းပါတယ်။ အခုကျနော်တို့ဟာ မတရားဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။”လို့ ဖမ်းဆီးခံနေရသူ လက္ကာကျေးရွာသားတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ဖမ်းဆီးခံနေကြရတဲ့ ကျေးရွာသားတွေဟာ သူ့တို့ရဲ့ရပိုင်ခွင့်တွေကို ချိုးဖာက်ခံနေကြရပြီး မိသားစုတွေအတွက်လည်း အခက်အခဲတွေရှိနေတာကြောင့် အမြန်ဆုံးပြန်လည်လွှတ်ပေးစေချင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

 

#voiceofmyanmar #လက္ကာကျေးရွာ #တရားစွဲခံနေရသူတွေမိသားစုနဲ့တွေ့ခွင့်မရ #ရခိုင် #စစ်တွေ #AA #တပ်မတော်

Related posts

Leave a Comment

VOM News

FREE
VIEW