ကိုယ့်သဘောနှင့်ကိုယ် H1N1 ကာကွယ်ဆေး မထိုးကြဖို့ သတိပေး

မြစ်ကြီးနား ဇူလိုင် ၂၆-၂၀၁၉

ရန်အောင်ထွန်း (VOM)

 

ရာသီတုပ်ကွေး H1N1 ကာကွယ်ဆေးကို ကိုယ့်သဘောနဲ့ကိုယ် အပြင်ဆေးခန်းတွေမှာ ထိုးနေတာတွေ မလုပ်သင့်ဘူးလို့ ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန ဦးစီမှူး ဒေါက်တာအေးသိန်းက သတိးပေးပြောကြားခဲ့ပါတယ်။

 

ကချင်ပြည်နယ်အတွင်းက H1N1 ဖြစ်ပွားမှုစာရင်းမှာပါဝင်နေသူတွေဟာ ပြင်ပလူနာတွေဖြစ်ပြီး ဆေးရုံအထိမလာနိုင်တဲ့နေရာတွေကို ထပ်မံစစ်ဆေးပါက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထာတာထက် ပိုတွေ့နိုင်တယ်လို့လည်း သူကသုံးသပ်ထားပါတယ်။

ရာသီတုပ်ကွေးနဲ့ ပတ်သက်ပြီး ပြည်သူတွေ အစိုးရိမ်မလွန်ကြဖို့နဲ့ ရောဂါပိုးက အချိန်ကာလအလျှောက် ကွဲပြားခြားနားမှုတွေ ရှိလို့ ကာကွယ်းဆေးတွေ ကိုယ်သဘောနဲ့ကိုယ် မထိုးသင့်ဘူးလို့ ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန ဦးစီမှူး ဒေါက်တာအေးသိန်းက ပြောပါတယ်။

 

အခုရက်ပိုင်းအတွင်း မြစ်ကြီးနာမြို့က ဆေးခန်းတွေမှာ ရာသီအကူးအပြောင်းကြောင့် ဖျားနာလို့ လာရောက်ကုသသူ ဦးရေဟာ ခါတိုင်းထက် တိုးမြင့်နေတာတွေ့ရပါတယ်။ အဲ့ဒီအထဲက ကိုဟန်ထွန်းကတော့ မိသားစုအတွင်း ၄ ယောက်လောက်ဖျားနာနေတာရှိပေမယ့် နှာခေါင်းပိတ်တွေနဲ့ နေတာမရှိသလို H1N1 ဖြစ်လောက်တဲ့အထိရှိမယ်လို့ စိတ်မပူမိဘူးလို့ ပြောပါတယ်။

 

ကချင်ပြည်နယ်က H1N1 ရောဂါလက္ခဏာတွေ့ရှိသူ ၆၅ ဦးရဲ့ သွေးနမူနာတွေကို ၂၀၁၉ ဇန်န၀ါရီ ၉ ရက်နေ့က စတင်စစ်ဆေးခဲ့ရာမှာ ၂၁ ဦး H1N1 ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန ရဲ့ ဇူလိုင် ၂၃ ရက်နေ့က ထုတ်ပြန်ထားတဲ့ စာရင်းအရ ကချင်ပြည်နယ်အတွင်း H1N1 ရောဂါပိုးတွေ့ရှိသူ ၂၁ ဦး ရှိပြီး တစ်ဦးသေးဆုံးခဲ့တာပါ ကျန်တဲ့ ၂၀ လုံးကတော့ ကျန်းမာရေးကောင်းမွန်နေပြီလို့ ဆိုပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW