ကျူးကျော်တွေကို မြေဂရံပေါက်ဖြစ်ဖို့ နှုန်းထားသတ်မှတ် ငွေသွင်းခိုင်း အများစုက သဘောမတူ

ပြည်၊ ဇူလိုင်၂၈-၂၀၁၉

ဂျန်ကိုးလ်(VOM)

 

ပဲခူးတိုင်း ပြည်မြို့ပေါ်က စည်ပင်ပိုင်မြေနေရာပေါ်မှာရှိတဲ့ အိမ်ခြေလေးရာကျော်ဟာ ကျူးကျော်တွေဖြစ်နေပြီး အဲဒီမြေနေရာမှာနေထိုင်နေသူတွေကို  မြေဂရံပေါက်တဲ့အထိ နှုန်းထားသတ်မှတ်ကာ အရစ်ကျစနစ်နဲ့ ငွေသွင်းဖို့ မြို့နယ်စည်ပင်သာယာက အကြောင်းကြားတာကို အများစုက သဘောမတူဘူးလို့ သိရပါတယ်။

 

“လွန်ခဲတဲ့ နှစ်လေးဆယ်ကျော်လောက်တုန်းက ဒီနေရာတွေက ဘယ်သူမှ မနေနိုင်ကြပဲ ဗွက်တွေ ရေဗွက်အိုင်တွေကြားမှာ ကိုယ့်ဟာကိုယ် ပြုပြင်ပြီးနေထိုင်လာကြရတာ။ နှစ်ပေါင်းများစွာမြေဖို့ ကွန်ကရစ်လမ်းတွေ၊ ဘာတွေနဲ့ဖြစ်မှ စည်ပင်က မြေနေရာဖိုးဆိုပြီး လာတောင်းတာ လက်မခံနိုင်ဘူး၊ ပေးဖို့လည်းငွေမရှိဘူး။” လို့ ခရမ်းကုန်းရပ်ကွက်နေ ဒေါ်တင်ငွေက ပြောပါတယ်။

 

ဒေါ်ခင်မိုးဝင်းကလည်း  “ဒီခရမ်းကုန်းရပ်ကွက်က ၁၉၇၁ ခုနှစ်က လျှောက်ယူထားတဲ့ မြေဂရံရှိသလို မြေပုံလည်းရှိပါတယ်။ အဲဒီမြေပုံနဲ့ ဂရံကို သက်တန်းတိုးခွင့် လျှောက်ထားတာကို သက်တမ်းတိုးမပေးဘဲ သိမ်းယူထားလိုက်တာ။ မြေစရင်းမှာ အဲဒီမြေပုံနဲ့ ဂရံရှိတယ်။ သူတို့က သတ်မှတ်ဈေးနဲ့ယူရင်ယူ မယူရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ပြောတယ်။ ဘာကိုအရေးယူမှာလဲ၊ ကျမတို့ကတော့ ကျမတို့မြေကို လုံးဝမပေးနိုင်ပါဘူး။”လို့ ပြောပါတယ်။

 

ပြည်မြို့ ခရမ်းကုန်းရပ်ကွက်၊ မင်္ဂလာဦးရပ်ကွက်နဲ့ ပြည်တော်သာရပ်ကွက်တွေမှာ ရှိတဲ့ အိမ်ခြေ ၄၀၀ ကျော်ဟာ စည်ပင်ပိုင်မြေတွေဖြစ်တာကြောင့် ပဲခူးတိုင်း စည်ပင်သာယာရေးအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ လက်ရှိနေထိုင်သူတွေကို မြေဂရံထွက်တဲ့အထိ တန်ဖိုးတွက်ချက် ရောင်းချပေးဖို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စီစဉ်နေတာ ဖြစ်ပါတယ်။

 

အဲဒီနေရာတွေမှာ နေထိုင်ကြသူ အများစုဟာ လက်လုပ်လက်စားတွေဖြစ်တဲ့အတွက် မြေနေရာအလိုက် တစ်စတုရန်းပေကို ၈၅၀ ကျပ်ကနေ ၁၂၅၀ ၊ ၁၄၅၀၊ ၁၈၀၀၊၂၀၀၀၊ ၁၀၀၀၀ ကျပ်အထိ တန်ဖိုး ၆ မျိုးသတ်မှတ်ရောင်းချသွားမယ်လို့ သိရပါတယ်။

 

“ဒါကိုမှ မတတ်နိုင်ရင် ငါးနှစ်အရစ်ကျစနစ်နဲ့ ရောင်းချပေးသွားဖို့ပါ စီစဉ်ထားတယ်။ မြေမ၀ယ်နိုင်သူတွေကိုလည်း မြေငှါးတဲ့ပုံစံနဲ့ နေထိုင်နိုင်ဖို့ စီစဉ်ထားတယ်။”လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်က ပြောပါတယ်။

 

အဲဒီ စည်ပင်ပိုင်နေရာတွေမှာ  ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေက ကောက်ယူထားတဲ့ စာရင်းတွေအရ ခရမ်းကုန်းရပ်ကွက်မှာ ၃၆၆ အိမ်၊ ပြည်တော်သာရပ်ကွက်မှာ ၇၅ အိမ်နဲ့ မင်္ဂလာဦးရပ်ကွက်မှာ ခြံတစ်ခြံရှိတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #ကျူးကျော် #ပြည် #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW