H1N1 ကြောင့် သေသူ ၈၁ ဦးရှိလာ

 

ဇူလိုင် ၃၀၊ ၂၀၁၉

VOM

 

နိုင်ငံတဝှမ်း၊ ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ စုစုပေါင်း ၈၁ ဦးရှိပြီလို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီလကနေ ဇူလိုင် ၂၉ ရက်နေ့အထိ နိုင်ငံတဝှမ်း၊ ရာသီတုပ်ကွေး H1N1 ကြောင့် သေတဲ့သူ ၈၁ ဦးထဲမှာ အများစုက ရန်ကုန်တိုင်းက ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ရန်ကုန်တိုင်းဟာ လူဦးရေအထူထပ်ဆုံး ဖြစ်တာကြောင့် ရောဂါကူးစက်ခံရသူ အများဆုံးဖြစ်ပြီး သေဆုံးသူအရေအတွက် ၆၂ ဦးအထိရှိနေပါတယ်။ ပဲခူးတိုင်းမှာ ၅ဦး၊  ဧရာဝတီတိုင်းမှာ ၅ ဦး၊ မွန်ပြည်နယ်မှာ ၃ ဦးနဲ့ စစ်ကိုင်းတိုင်းမှာ ၂ ဦး H1N1 ကြောင့် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ H1N1 သံသယရှိလူနာ ၄၈၂ ဦး ရှိခဲ့ပြီး H1N1 ရောဂါပိုးတွေ့သူ ၂၁၆ဦး ရှိခဲ့ပါတယ်။ မန္တလေးမှာတော့ H1N1 သံသယလူနာ ၁၅ ဦးရှိခဲ့ပြီး ရောဂါပိုးတွေ့သူ ၅ ဦးသာ ရှိတယ်လို့ သိရပါတယ်။

သေဆုံးသူ ၈၁ ဦးထဲက အများစုဟာ ကင်ဆာ၊ ဆီးချို၊ သွေးတိုး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ နှလုံးရောဂါ စတဲ့ နာတာရှည်ရောဂါအခံရှိသူ၊ ကိုယ်ခံအားကျစေတဲ့ ရောဂါအခံရှိသူတွေ သွေးနဲ့ပတ်သက်တဲ့ရောဂါအခံရှိသူတွေ အများစုဖြစ်ပြီး H1N1 ရောဂါပိုး ကူးစက်ခံရချိန်မှာ ခံနိုင်ရည်နည်းတာကြောင့် သေဆုံးရသူတွေဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးက ဆိုပါတယ်။

“H1N1 သီးသန့်ကြောင့် သေဆုံးရတာက ၁၆ ယောက်ပါ၊ ကျန်တဲ့ ၆၅ ယောက်က H1N1 ကြောင့်ချည်းမဟုတ်ပဲ သူတို့မှာ ရှိပြီးသား ရောဂါအခံကြောင့် ဒီတုပ်ကွေးဒဏ်ကို မခံနိုင်ပဲ အသက်ဆုံးပါးရတာပါ” လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ဒီလို H1N1 သီးသန့်ကြောင့် သေဆုံးသူ ၁၆ ဦးဟာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေဖြစ်ပြီး အချိန်လွန်မှ ဆေးရုံကို ရောက်လာတာကြောင့် ဆေးကုသချိန်မမှီလိုက်သူတချို့လည်း ပါတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဆေးရုံတွေကို ရောက်လာတဲ့ လူနာတွေမှာ H1N1 ရောဂါပိုးတွေ့ရှိရမှု လျော့နည်းလာနေပြီး ရောဂါထပ်ဆင့်ကူးစက်မှုကိုလည်း ထိန်းချုပ်လာနိုင်နေပြီလို့ သိရပါတယ်။

“၂၀၁၇ ခုနှစ် ၃၈ ယောက်အထိ သေဆုံးခဲ့တဲ့အခြေအနေ ကြုံပြီးကတည်းက ကျမတို့အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ထားခဲ့ပါတယ်။ အခုလက်ရှိအခြေအနေကတော့ ဖြစ်တဲ့လူဦးရေ လျော့နည်းလာနေပြီ၊ ထိန်းလို့ရတဲ့ အခြေအနေကို ရောက်နေပြီလို့ ပြောလို့ရပါတယ်။ ပြည်သူတွေအနေနဲ့ကလည်း ကျမတို့ဌာနကနေ ထုတ်ပြန်ထားတဲ့ ဆောင်ရန်ရှောင်ရန် အချက်အလက်တွေကို လိုက်နာပြီး ရောဂါမပြန့်ပွားအောင်၊ ကိုယ့်ကို မကူးစက်အောင် သတိပြုစေချင်ပါတယ်။ ကာကွယ်ဆေးတွေထိုးတယ်ဆိုတာထက် တကိုယ်ရည်သန့်ရှင်းရေးကို အဓိကထားပြီး လုပ်စေချင်တယ်။ ဒါမှ ဒီရာသီတုပ်ကွေး ပြန့်နှံ့ကူးစက်တာကို ထိထိရောက်ရောက် ထိန်းချုပ် ကာကွယ်နိုင်မှာပါ” လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ အစိုးရဆေးရုံတွေကို ရောက်လာတဲ့ ကိုယ်ဝန်ဆောင်တွေ၊ ၆လကနေ ၃ နှစ်အထက် ကလေးငယ်လေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါခံစားနေရသူတွေကို H1N1 ကာကွယ်ဆေး ထိုးနှံပေးတာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်မှာ H1N1 တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၄၀၆ ဦးရှိပြီး ၃၈ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ၁၃ ဦးဆီမှာသာ H1N1 ဗိုင်းရပ်စ်ပိုးကို တွေ့ရှိခဲ့ပြီး သေဆုံးသူ မရှိခဲ့ပါဘူး။

ဒီနှစ်မှာတော့ H1N1 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၁၇ ဦး ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ အချက်အလက်တွေက ဆိုပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW