ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အသင့်ဖြစ်နေပြီ

နေပြည်တော်၊ သြဂုတ် ၃ – ၂၀၁၉

ကိုထွန်း (VOM)

 

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာဘက်ကတော့ စက်တင်ဘာမှာစတင် လက်ခံဖို့အသင့်ပဲလို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

 

“ဝန်ကြီးဌာနတွေလည်း ဆွေးနွေးပြီးသွားပြီ။ လဝက ကလည်းလက်ခံရေးစခန်းကို လိုအပ်ရင်လိုအပ်သလို ငါးနေရာ၊ ခြောက်နေရာလောက် တိုးချဲ့ပြီး အရှိန်အဟုန်မြှင့် လက်ခံဖို့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ဘယ်တော့လက်ခံမလဲဆိုတော့ ကျနော်တို့ဘက်က အသင့်ဖြစ်နေပြီ။”လို့ မနေ့ သြဂုတ် ၂ ရက်က နေပြည်တော် သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောဆိုခဲ့တာပါ။

 

စိစစ်ပြီး ပြန်လည်လက်ခံနိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကို စာရင်းပို့ထားပြီး အဲဒီထဲမှာ မြန်မာနိုင်ငံကို မိမိသဘောဆန္ဒအလျောက် ပြန်လာချင်တဲ့ ဟိန္ဒူဘာသာဝင် ငါးရာကျော်ကို ပထမအသုတ်မှာ ထည့်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

 

ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့လာတဲ့ လူစာရင်းကိုလည်း မြန်မာဘက်ကနေ စိစစ်ပြီးရင် စိစစ်ပြီးတဲ့အခြေအနေနဲ့ လက်ခံနိုင်တဲ့ လူစာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက် ပြန်ပို့မှာ ဖြစ်ပါတယ်။

 

အဲဒီဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် လက်ရှိမှာ မြန်မာဘက်ကတော့ အဆင့်သင့်ဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ပြန်လာမယ့်သူတွေ အသင့်ဖြစ်ရင် လာမယ့် စက်တင်ဘာမှာ စတင်နိုင်ပြီလို့ ဦးဇော်ဌေးက ပြောပါတယ်။

 

ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် လက်ရှိမှာ စခန်းနှစ်ခုခွဲထားပြီး စုစုပေါင်း တစ်ရက်ကို လူသုံးရာနှုန်းလက်ခံဖို့ ပြင်ဆင်ထားပါတယ်။

 

#voiceofmyanmar #ရခိုင် #ဘင်္ဂလားဒေ့ရှ် #ဒုက္ခသည်

Related posts

Leave a Comment

VOM News

FREE
VIEW