ပုဂံ လေးမျက်နှာဘုရားမှာ နိုင်ငံခြားသားတစ်ဦးသေဆုံးလျက် တွေ့ရှိ

ပုဂံ၊ သြဂုတ် ၁၆ – ၂၀၁၉

ဖြူဖြူ (VOM)

 

မန္တလေးတိုင်း ညောင်ဦးခရိုင် ပုဂံဒေသက ဘုရားဝင်းထဲမှာ နိုင်ငံခြားသားတစ်ဦးရဲ့ ရုပ်အလောင်းတစ်ခု ဒီနေ့ သြဂုတ် ၁၆ ရက် မနက် ၁၁ နာရီခွဲခန့်က တွေ့ရှိခဲ့တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် (ပုဂံ)က သိရပါတယ်။

 

အဲဒီသေဆုံးရုပ်အလောင်းကို ပုဂံယဉ်ကျေးမှုနယ်မြေ လေးမျက်နှာ ဘုရားဝင်းအတွင်းက အုတ်ကျောင်းရဲ့ အလယ်လောက်မှာ ပက်လက်အနေအထားနဲ့ တွေ့ရှိခဲ့တာဖြစ်ပြီး အသက် ၃၀ နှစ်ခန့်အရွယ် တောင်ကိုရီးယားနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် (ပုဂံ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။

 

“ဘယ်လိုကြောင့် သေတယ်ဆိုတာတော့ အခုဆေးရုံကိုပို့ပြီး ဆေးစစ်ချက်ယူနေတယ်။ ထူးထူးခြားခြား အပြင်ပန်းမှာတော့ ထိခိုက်ဒဏ်ရာ ဘာမှ မတွေ့ရဘူး။ မျက်နှာမှာတော့ နည်းနည်းလေးမဲနေတယ်၊ ညာဘက်ဒူးနားလေးမှာတော့ ဒဏ်ရာလေး သေးသေးလေး ပွန်းပဲ့ဒဏ်ရာမျိုးတစ်ခုတွေ့ရတယ်။”လို့ သူက ဆိုပါတယ်။

 

ခေါင်းကွဲအက်တာ၊ သွေးထွက်တာတွေ မတွေ့ရဘဲ ဘာကြောင့်သေတယ်ဆိုတာ ပြောဖို့ခက်တဲ့အတွက်  လက်ရှိမှာ အဲဒီရုပ်အလောင်းကို ညောင်ဦးဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

 

ပုဂံဒေသကို လာရောက်လည်ပတ်တဲ့ ခရီးသွားအချို့ စေတီပုထိုးတွေပေါ်က ပြုတ်ကျသေဆုံးတာတွေ ရှိခဲ့ဖူးတဲ့အတွက် လက်ရှိမှာတော့ ဘုရားပေါ်တက်ရောက်တာတွေ မပြုလုပ်နိုင်ဖို့ သံပန်း၊ သံတံခါး ကာရံတာတွေ ဆောင်ရွက်ထားသလို ရှေးဟောင်း အမွေအနှစ်ဖြစ်တဲ့ နံရံဆေးရေးပန်းချီတွေ ထိခိုက်ပျက်စီးမှု လျော့နည်းဖို့အတွက် ဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူးတာတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။

 

ဒါပေမယ့် ဒီနှစ်ထဲမှာပဲ မြင်းကပါဘုရားမှာ အမြင့်ပေါ်ကနေ ပြုတ်ကျကာ ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့ပါသေးတယ်။

 

အခု တောင်ကိုရီးယားနိုင်ငံခြားသားသေဆုံးမှုနဲ့ ပတ်သက်လို့ ပုဂံရဲစခန်းကို ဖုန်းဆက်သွယ်မေးမြန်းရာမှာတော့ လတ်တလော မဖြေဆိုနိုင်သေးဘူးလို့ ပြောပါတယ်။

 

#voiceofmyanmar #ပုဂံ #နိုင်ငံခြားသားတစ်ဦးသေဆုံး

 

ဓါတ်ပုံ- ခရက်တစ် ပုဂံစာမျက်နှာ

Related posts

Leave a Comment

VOM News

FREE
VIEW