ဂျပန်မှာ စံချိန်တင်မိုးရွာသွန်းနေလို့ အရေးပေါ်အခြေအနေကြေညာပြီး လူရှစ်သိန်းခွဲနီးပါး ဘေးလွတ်ရာရွှေ့ဖို့ အမိန့်ထုတ်

တိုကျို၊ သြဂုတ်-၂၈-၂၀၁၉

မျိုးဆက် (VOM)

 

ဂျပန်နိုင်ငံတောင်ပိုင်းမှာ  သြဂုတ် ၂၈ ရက်အစောပိုင်းက မိုးရေချိန်စံချိန်တင်ရွာသွန်းခဲ့တာကြောင့် မြေပြိုခြင်း၊ ရေကြီးခြင်းနဲ့  အခြားသဘာဝဘေးအန္တရာယ်ဖြစ်ပွားလာမယ့်အန္တရယ်ရှိနေတာကြောင့်  ကျူရှူးကျွန်းရှိ ဒေသခံတွေကို အရေးပေါ်အခြေအနေကြေညာပြီး ဂျပန်မိုးလေ၀သဌာနက သတိပေးထားပါတယ်။

 

တစ်ချို့နေရာတွေမှာ တစ်နာရီအတွင်း မိုးရေချိန် လေးလက်မကျော်အထိရွာသွန်းခဲ့တဲ့ ဆာဂါပြည်နယ်မှာ အမျိုးသားတစ်ဦးဟာ သူမောင်းနှင်လာတဲ့ ကားပေါ်က ဆင်းလိုက်ချိန်မှာ ရေမျောသွားတာကြောင့် သေဆုံးသွားပြီး အမျိုးသမီးတစ်ဦးလည်း ကားရေစီးထဲမျောပါသွားပြီးနောက် သေဆုံးသွားတယ်လို့ ဂျပန်အခြေစိုက် အင်န်အိပ်ခ်ျ်ကေသတင်းဌာနက ဖော်ပြပါတယ်။

မြစ်အချို့ရေကြီးမြင့်လာတာကြောင့် လမ်းတွေပေါ်မှာ ရေကြီးနေပြီး မော်တော်ယာဉ်ဘီးတွေ ရေအောက်မြုပ်နေပြီး ဒူးလောက်ရှိတဲ့ ရေအနက်မှာ ဒေသခံတွေ သွားလာနေရတဲ့ ပုံရိပ်တွေကို ရုပ်မြင်သံကြားဌာနတွေက ထုတ်လွှင့်ခဲ့ပါတယ်။

 

ကျူရှူးကျွန်းမြောက်ပိုင်းရှိ ဖူကူအိုကာ၊ နာဂါဆာကီ နဲ့ ဆာဂါပြည်နယ်တွေက ဒေသခံ ရှစ်သိန်းခွဲနီးပါး ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့  အမိန့်ထုတ်ထားတယ်လို့ ကျိုဒို သတင်းဌာနက ဖော်ပြထားပါတယ်။

ကျွန်းရဲ့မြောက်ပိုင်းဒေသတွေမှာ ဆယ်စုနှစ်အနည်းငယ်အတွင်း တစ်ကြိမ်သာဖြစ်ပေါ်ဖူးတဲ့ မိုးသည်းထန်စွာရွာသွန်းတာကို ခံစားနေရတယ်လို့ ဂျပန်မိုးလေ၀သဌာနက ထုတ်ပြန်ထားပြီး သတိပေးချက်ကို အမြင့်ဆုံးဖြစ်တဲ့ အဆင့်ငါးသတ်မှတ်ထားပါတယ်။

 

Ref & Photo : Reuters

 

#voiceofmyanmar #ဂျပန်ရေကြီး

Related posts

VOM News

FREE
VIEW