ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ထောင်ဒဏ် ၁နှစ်ချတဲ့အပေါ် ကျမ္မာရေးစိုးရိမ်ရလို့ အယူခံတက်မည်

သြဂုတ် ၂၉ -၂၀၁၉

နေလင်း (VOM)

 

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရန်ကုန်တိုင်း စစ်ဋ္ဌာနချုပ်က ဒုဗိုလ်မှူးကြီး လင်းထွန်းက တရားလိုလုပ်ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ စွဲဆိုတဲ့  အမှုကို ဒီကနေ့မှာ အင်းစိန်မြို့နယ်တရားသူကြီးက ထောင်ဒဏ် ၁နှစ်ချမှတ်လိုက်ပါတယ်။

 

ကျမ္မာရေးမကောင်းတဲ့  ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ခုလို ပြစ်ဒဏ်ချမှတ်လိုက်တာဟာ သေတွင်းထဲကို ပို့လိုက်တာနဲ့ တူလို့ အယူခံ အမြန်တက်သွားမယ့်အကြောင်း ဒီအမှုကို ရှေ့နေအဖြစ်လိုက်ပေးနေတဲ့ တရာလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

 

 

“ ထောင်ဒဏ် တနှစ်ချတာက မင်းထင်ကိုကိုကြီးအတွက် ကျမ္မာရေး ၉၅ ရာနုန်းစိုးရိမ်ရပါတယ်။ သူ့မှာ အသည်းတခြမ်းကမကောင်းလို့ လှီးထုတ်ထားရသလို  နှလုံးနဲ့ ကျောက်ကပ်ကလည်း မကောင်းလို့ဆေးကုနေရသူပါ။ ဒီလို အမိန့်ချလိုက်တာဟာ သေချင်းကို ရင်ဆိုင်ခိုင်းတာနဲ့ အတူပါဘဲ၊ စိုးရိမ်ဖွယ်ရာမို့  အယူခံတက်ဖို့ အမိန့်ကူးနေပါတယ်”

 

တရားခွင်မှာလည်း တပ်မတော်ဘက်က အရာရှိကြီးတွေကိုယ်တိုင် မင်းထင်ကိုကိုကြီးရဲ့ ဆိုရှယ်မီဒီယာပေါ်ရေးသားချက်တွေနဲ့ ပတ်သက်လို့ ထိခိုက်စရာမရှိဘူးလို့ ထွက်ဆိုခဲ့ပါလျှက် ဒီအမိန့်ကို ချမှတ်တာဟာ တရားဥပဒေစိုးမိုးရေး တိကျမှန်ကန်နိုင်တယ်လို့ မဆိုနိုင်ကြောင်း ဦးရောဘတ်စန်းအောင်ဆက်ပြောတာက

 

“ သူ့အရေးအသားတွေက ထိခိုက်စရာမရှိပါဘူး၊  တပ်တွင်းပုန်ကန်မှုလည်း မဖြစ်ခဲ့ပါဘူး၊ အထက်အောက် အရာရှိ မလေးစားမှုတွေလည်း မဖြစ်ပါဘူးလို့  တပ်မတော်အရာရှိကြီးတွေကိုယ်တိုင် ထွက်ဆိုထားတာအပေါ် ခုလိုချတာ တရးဥပဒေစိုးမိုးရေးမှာ တိကျမှန်ကန်တယ်လို့ မဆိုနိုင်ပါဘူး၊  ဥပဒေက မည်သူမည်ဝါက တရားလိုလုပ် စွဲရမယ်လို့ မရှိပေမယ့် နိုင်ငံရေးနဲ့ပတ်သက်တာတွေကို ရဲနဲ့ အထူးသတင်းတပ်ဖွဲ့ကစွဲ့တာပဲဖြစ်သင့်ပါတယ်။  တပ်မတော်က ခုလိုတရာစွဲမှုတွေများတာဟာ အဆန်းတကျယ်ဖြစ်နေတာမို့ မဖြစ်စေချင်ပါဘူး တပ်မတော်အပေါ်မှာ ပြည်သူက အမြင်မကောင်းဖြစ်နိုင်လို့  စွဲစရာရှိရင် ရဲသတင်းတပ်ဖွဲ့က စွဲတာမျိုးဖြစ်စေချင်ပါတယ်။” လို့လည်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ရာဇသတ်ကြီးအလိုအရ ပုဒ်မ ၅၀၅(က)ဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် နှစ်နှစ်သို့မဟုတ် ငွေဒဏ်ချမှတ်နိုင်သလို ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

 

ခုထောင်ဒဏ်တစ်နှစ်အပြစ်ပေးခံရတဲ့ စာရေးဆရာ ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ နိုင်ငံရေးမှာ တပ်မတော် ပါဝင်ပတ်သက်တာတွေနဲ့ ပတ်သက်ပြီး သူ့သဘောထားတွေကို ဆိုရှယ်မီဒီယာပေါ်မှာရေးသားခဲ့လို့ အချက် ၁၁ ချက်နဲ့ တပ်မတော်က တရားစွဲဆိုခံရပြီးနောက် ဧပြီ ၁၂ရက်က စပြီးတော့ အင်းစိန်ထောင်မှာဖမ်းဆီးချုပ်နှောင်ခံခဲ့ရတာဖြစ်ပါတယ်။

 

#voiceofmyanmar #မင်းထင်ကိုကိုကြီး #ရောဘတ်စန်းအောင် #တပ်မတော် #၅၀၅(က)

ဓါတ်ပုံ Justic For Min Htin Ko Ko Gyi

 

Related posts

Leave a Comment

VOM News

FREE
VIEW