လိပ်ကျွန်းအယူခံရှုံးနိမ့်မှု ထိုင်းဘုရင်ဆီ အသနားခံစာတင်ပေးဖို့ အစိုးရကို မေတ္တာရပ်ခံမယ်

ရန်ကုန်၊ သြဂုတ် ၂၉ – ၂၀၁၉

သူရိန်(VOM)

 

ထိုင်းနိုင်ငံ ကော့တောင် (လိပ်ကျွန်း)မှာ ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ကိုဇော်လင်းနဲ့ ကိုဝင်းထွန်းတို့ နှစ်ဦးကို တရားစွဲဆိုထားမှုဟာ ဒီနေ့ သြဂုတ် ၂၉ ရက် မနက် ၁၀ နာရီက နွန်ထဘုရီခရိုင် ဗဟိုတရားရုံးမှာ နောက်ဆုံးအယူခံရှုံးနိမ့်ခဲ့ရပြီး မူလက ချမှတ်ထားတဲ့အတိုင်း သေဒဏ်ကျခံစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်​။

 

ဒီအမှုနဲ့ပတ်သတ်ပြီး ရက်ပေါင်းခြောက်ဆယ်အတွင်း ထိုင်းဘုရင်မင်းမြတ်ဆီ အသနားခံစာတင်ပေးဖို့အတွက် မြန်မာအစိုးရကို မေတ္တာရပ်ခံသွားမယ်​လို့ အဲဒီအမှုကို လိုက်လံဆောင်ရွက်ပေးနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်ပေးနေသူ ဦးထူးချစ်က ပြောပါတယ်​။

 

“ကျွန်တော်တို့တွေ ထပ်လုပ်သင့်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး ထိုင်းဘုရင်မင်းမြတ်ကို အသနားခံစာတင်ပါမယ်။ အသနားခံစာ တင်တဲ့နေရာမှာ မိသားစုတွေ တင်တာထက် မြန်မာအစိုးရတင်ပေးတာက ပိုပြီးထိမယ်လို့ ထိုင်းရှေ့နေတွေက မျှော်လင့်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကနေ ကလေးတွေကိုယ်စား မြန်မာအစိုးရကို အသနားခံစာတင်ပေးဖို့ကို မေတ္တာရပ်ခံသွားမှာ ဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း ကျွန်တော်တို့ရဲ့မေတ္တာရပ်ခံချက်ကို အလေးထားမယ်လို့ မျှော်လင့်ပါတယ်​။” လို့ သူက​ ပြောပါတယ်​။

 

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်အတွင်းက ခိုတောင်ကျွန်း (လိပ်ကျွန်း)မှာ ဗြိတိန်နိုင်ငံသားနှစ်ဦးဖြစ်တဲ့ မစ္စတာဒေးဗစ်မေလာ (၂၄ နှစ်)နဲ့ မစ္စဟာနာဝစ်သာရစ်ဂ်ျ (၂၃ နှစ်)တို့နှစ်ဦး သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ကော်စမွီခရိုင် တရားရုံးက လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု အပါအဝင် စွဲချက်အမှု ၇ ခု နဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ရ က်က သေဒဏ်စီရင်ချက် ချမှတ်ခဲ့ပါတယ်​။

 

သေဒဏ်ချမှတ်ခဲ့တဲ့အတွက် မြို့နယ်ကို အယူခံတင်သွင်းခဲ့ရာ အယူခံလျှောက်ထားမှုကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ ခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့တဲ့အမိန့်ကို ဆက်လက် အတည်ပြုကြောင်း ထပ်မံချမှတ်ခဲ့တာကြောင့် ထိုင်းဗဟိုတရားရုံးကို နောက်ဆုံးအယူခံအဖြစ် လျှောက်ထားခဲ့ရာမှာလည်း ဒီနေ့မှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်​။

 

 

#voiceofmyanmar #ထိုင်း #မြန်မာ #လိပ်ကျွန်းလူသတ်မှု

photo – REUTERS

Related posts

Leave a Comment

VOM News

FREE
VIEW