သတင်းရေးသားမှုကို မကျေနပ်လို့ ဧရာဝတီသတင်းဋ္ဌာနက သတင်းထောက်ကို လုပ်ငန်းရှင်တယောက်က ၆၆(ဃ) နဲ့ တရားစွဲ

ရန်ကုန်၊ သြဂုတ် ၂၉ -၂၀၁၉

နေလင်း(VOM)

 

ရခိုင်ပြည်နယ် သံတွဲမြို့အနီးမှာရှိတဲ့ ငပလီကမ်းခြေက Amara Ocean Resort ရဲ့ ပိုင်ဆိုင်မှု အငြင်းပွားတဲ့ သတင်းကို ပြီးတဲ့နှစ် ဧပြီလက ဧရာဝတီသတင်းဋ္ဌာနရဲ့ အင်္ဂလိပ်ဘာသာအစီအစဉ်မှာ ရေးသားခဲ့လို့  သတင်းထောက် ကိုမိုးမြင့်ကို  Amara Ocean Resort ပိုင်ရှင် ဒေါ်ကလျာမိုးက  ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုတာဖြစ်ပါတယ်။

 

ဒီတရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး ဧရာဝတီသတင်းဌာန အင်္ဂလိပ်ဘာသာအစီအစဉ်ရဲ့ အယ်ဒီတာ ဦးကျော်ဖြိုးသာက ခုလိုရှင်းပြပါတယ်။

 

“ သူတို့ဟိုတယ်ပိုင်ဆိုင်မှု အငြင်းပွားနဲ့ ပတ်သက်ပြီး ကျနော်တို့ဆီက ပြီးခဲ့တဲ့နှစ်က သုံးပုဒ်ရေးခဲ့ဖူးတယ်။ အဲသုံးပုဒ်နဲ့ပတ်သက်ပြီး သူက အချက်အလက်မှားတယ်ဆိုပြီးတော့ ပြောတယ်ပေါ့လေ။ ဖြစ်စဉ်က မမှန်မကန်ရေးတယ်ဆိုပြီး သူက သတင်းစာမှာ ကြော်ညာထည့်တယ်ဗျာ။ ထည့်ပြီး ကျနော်တို့ကို တောင်းပန်ခိုင်းတယ်။  ဒါပေမယ့် ကျနော့်တို့ဘက်က အချက်အလက်က မှန်နေတယ်လေ။” လို့ သူက ပြောပါတယ်။

 

 

ဒါ့အပြင် ဒီတရားစွဲတဲ့ ကာယကံရှင် ဒေါ်ကလျာမိုးကိုလည်း လူကိုယ်တိုင်သွားပြီး အင်တာဗျူးထားတာတွေလည်း ရှိတဲ့အတွက် မိမိတို့ဘက်က မမှားလို့ ပြန်မတောင်းနိုင်တာကို ဒေါ်ကလျာမိုးက ကျေနပ်မှုမရှိတဲ့အတွက် မီဒီယာကောင်စီကို တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။

 

“အဲတော့ press council(မီဒီယာကောင်စီ)ကို ကျနော်တို့ဘက်က မိုးမြင်ရော၊ ကိုရဲနည် ကရော သွားရှင်းပြတဲ့အခါမှာ မီဒီယာကောင်စီက ကျနော်တို့ရှင်းပြတာကို လက်ခံပါတယ်။ အဲဒါကလည်း ပြီးခဲ့တဲ့နှစ်ကပေါ့။ မီဒီယာကောင်စီပြီးတဲ့နောက်မှာ သူတို့က အမှုစဖွင့်တယ်။ ဖွင့်တော့ရဲစခန်းက ကျနော်တို့ကို အကြောင်းကြားတယ်။ အကြောင်းကြားပြီး ဒီနေ့မှာတော့ တရားရုံးမှာ စွဲချက်စတင်တာပေါ့။ ကျောက်တံတား တရားရုံးမှာပါ။” လို့ ဦးကျော်ဖြိုးသာက ပြောပါတယ်။

 

ဒီအမှုမှာ စွပ်စွဲ တရားစွဲဆိုခံရသူ သတင်းထောက် ကိုမိုးမြင့်ဘက်က ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က တဖက်တရားလိုရဲ့ အမှုဆောက်တည်ထားတဲ့ အခြေအနေကို ပြောပြတာက “ သူတို့ရေးတဲ့သတင်းက အထောက်အထားခိုင်မာတဲ့ စာရွက်စာတမ်းတွေပေါ်မူတည်ပြီးတော့ သတင်းရေးတယ်။ အဲလိုရေးတဲ့ဟာကို တရားလိုက ၆၆ (ဃ)စွဲတယ်။  သတင်းမီဒီယာ ဥပဒေအရ အားနည်းချက်တွေလည်း ရှိတာပေါ့။ တခြားဂုဏ်သိက္ခာ ထိပါးတယ်ဆိုရင် ရာဇသတ်ကြီးပုဒ်မ ၅၀၀ လိုဟာမျိုးနဲ့ စွဲလို့ရရဲ့သားနဲ့  အခုလို ရပ်ကွက်ထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ၆၆ (ဃ)နဲ့ စွဲတာတော့ မကောင်းဘူးပေါ့။” လို့  ပြောပါတယ်။

 

ဒီလို ဧရာဝတီသတင်းဋ္ဌာနက အင်္ဂလိပ်ဘာသာအစီအစဉ် သတင်းထောက်ကို ၆၆ (ဃ) နဲ့ တရားစွဲသလိုပဲ ဧရာဝတီသတင်းဋ္ဌာနရဲ့  မြန်မာဘာသာအစီအစဉ် အယ်ဒီတာ ဦးရဲနည်လည်းပဲ ရခိုင်ပြည်နယ်က တိုက်ပွဲသတင်းတွေကို ဘက်လိုက်ဖေါ်ပြတယ်ဆိုပြီး  ၆၆ (ဃ)နဲ့ စွဲဆိုခံထားရပါတယ်။

 

အလားတူ တခြားသတင်းဋ္ဌာနက သတင်းထောက်တွေလည်း ဒီဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုခံရတာတွေ ရှိနေပါတယ်။ သတင်းမီဒီယာသမားတွေကို ဒီလို ၆၆(ဃ) ပုဒ်မနဲ့ တရားစွဲတာဟာ သတင်းသမားတွေကို လက်တွန့်စေတယ်လို့   ဧရာဝတီသတင်းဋ္ဌာန အင်္ဂလိပ်ဘာသာအစီအစဉ်ရဲ့ အယ်ဒီတာ ဦးကျော်ဖြိုးသာက မှတ်ချက်ပြုပါတယ်။

 

“ကျနော်တို့ဘက်ကတော့ အချက်အလက် မှန်မှန်ကန်ကန်ရေးတာပဲ။ အဲတော့ ရင်ဆိုင်စရာရှိတာ ရင်ဆိုင်ရမှာပေါ့။ ဒါတော့ ခြိမ်းခြောက်မှုပေါ့ဗျာ၊ ပရော်ဖက်ရှင်နယ်ကျကျလုပ်တဲ့အခါမှာ အများကြီးအကန့်အသတ် ရှိတာပေါ့။ အဲတော့ဆက်လုပ်ရမယ့် လူတွေအဖို့က လုပ်မလား၊ မလုပ်ဘူးလား ပြောစရာပေါ့။ ဥပမာ ဆိုလိုတာက လက်က ဘယ်အတိုင်းအတာအထိ သွားမလဲဆိုတာက စဉ်းစားရတာပေါ့။ အစတုန်းက ဟုတ်ပြီငါ့ဘက်က မှန်မှန်ကန်ကန်ရှိတာပဲ၊ ချမယ်ဆိုပြီးတော့ အခုကြတော့ မှန်မှန်ကန်ကန်ရှိပေမယ့် အစွဲခံရတဲ့အနေအထားမှာ နည်းနည်းတွန့်သွားတာပေါ့။” လို့ ပြောပါတယ်။

 

ဧရာဝတီသတင်းဋ္ဌာနက ၂၀၁၈ ဧပြီ၊ မေနဲ့ ဇွန်လက   ငပလီကမ်းခြေက Amara Ocean Resort ပိုင်ရှင်ကို စပ်တူလုပ်တဲ့ ဂျာမန်စီးပွားရေးသမားတဦးက တရားစွဲဖို့ ကြိုးပမ်း ၊ ငပလီဟိုတယ် အငြင်းပွားမှု သမ္မတရုံးဝင်ပါ ဆိုတာနဲ့ ငပလီက အငြင်းပွားမှုဖြစ်နေတဲ့ ဟိုတယ်ကို ရဲတပ်ဖွဲ့က စတင်စစ်ဆေးဆိုတဲ့ သတင်းတွေကို ရေးသားခဲ့တာဖြစ်ပါတယ်။

 

သတင်းတွေထဲမှာတော့ သတင်းမီဒီယာကျင့်ဝတ်အရ အငြင်းပွားနေတဲ့  စွပ်စွဲသူနဲ့ အစွပ်စွဲခံရသူ ၂ ဘက် လုံးကို မေးမြန်းရေးသားထားတာတွေ့ရပါတယ်။ ခုဧရာဝတီသတင်းဋ္ဌာနရဲ့ သတင်းထောက် ကိုမိုးမြင့်ကို စွဲဆိုထားတဲ့ အမှုကို ဒီကနေ့ သြဂုတ်လ ၂၉  ရက်မှာ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်တရားရုံးကိုစွဲတင်ခဲ့ပြီး နောက်ရုံးချိန်းကို စက်တင်ဘာ ၁၀ ရက်နေ့ ချိန်းဆိုထားတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #ဧရာဝတီ #၆၆ဃ #ငပလီ # Amara Ocean Resort

Related posts

Leave a Comment

VOM News

FREE
VIEW