မန္တ​လေးတက္ကသိုလ်​​ကျောင်းဝင်းထဲမှာ Food Court ဆောက်တဲ့ကိစ္စ ကျောင်းသား သမဂ္ဂ​တွေဆန္ဒပြ

မန္တ​လေး၊ စက်​တင်​ဘာ ၂ – ၂၀၁၉

ဖြူဖြူ (VOM)

 

 

မန္တ​လေးတက္ကသိုလ်​​ကျောင်းဝင်းထဲမှာ Food Court ​ဆောက်​လုပ်​မှုနဲ့ ပတ်​သက်​ပြီး တင်​ဒါစည်းမျဉ်း၊ စည်းကမ်းအတိုင်း ​ဆောင်​ရွက်​ခြင်းမရှိသလို ပညာ​ရေးဝန်​ကြီးဋ္ဌာနနဲ့ အဆင့်​မြင့်​ပညာဦးစီးဌာနရဲ့ ခွင့်​ပြုချက်​မရရှိဘဲ ​ဆောက်​လုပ်​လို့ဆိုပြီး ဒီ​နေ့ စက်​တင်​ဘာ ၂ ရက်​မနက်​ပိုင်းမှာ ​ကျောင်းသားသမဂ္ဂအဖွဲ့ဝင်​တချို့က​နေ သပိတ်​​မှောက်​ ဆန္ဒပြခဲ့ကြပါတယ်​။

 

ဒါ့အပြင်​ Food Court ​ဆောက်​လုပ်​ဖို့ အစည်းအ​ဝေး​တွေ လုပ်​​ဆောင်​ရာမှာလည်း ​စီမံခန့်​ခွဲ​ရေးအပိုင်းမှာပါဝင်​တဲ့ ​ကျောင်းသားသမဂ္ဂ​တွေကို ပွင့်​လင်းမြင်​သာချပြတာမရှိဘဲ သမဂ္ဂ​တွေရဲ့ လက်​မှတ်​​တွေ အတုအ​ယောင်​လုပ်​ပြီး သ​ဘောတူညီခဲ့တာကိုလည်း ရှိခဲ့တဲ့အတွက်​ စုံစမ်းစစ်​​ဆေး​ရေး ဖွဲ့စည်းပြီး စစ်ဆေး​ပေးဖို့ ​တောင်းဆိုခဲ့ကြပါတယ်။

 

 

ကျောင်းသားသမဂ္ဂ​တွေအ​နေနဲ့ အခုလို သပိတ်​​မှောက်​ ဆန္ဒပြ မလုပ်​​ဆောင်​ခင်​မှာ ​ကျောင်းတာဝန်​ရှိသူ​တွေနဲ့ ​ဆွေး​နွေးခဲ့သလို ပြီးခဲ့တဲ့ တစ်​ပတ်​​ကျော်​က နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံး၊ နိုင်​ငံ​တော်​ သမ္မတရုံး၊ အမျိုးသားလွှတ်​​တော်​၊ ပြည်​သူ့လွှတ်​​တော်​၊ အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေးတို့ကို စာပို့အ​ကြောင်းကြားခဲ့​ပေမယ့်လည်း အ​ကြောင်းတစ်​စုံတစ်​ရာ မထူးခြားလို့ သပိတ်​​မှောက်​ရတာလို့ သိရပါတယ်​။

 

 

ဒီ​​နေ့မှာ နိုင်ငံတော်သမ္မတညွှန်ကြားချက်နဲ့ တည်ဆဲဥပဒေကို ​ဖောက်ဖျက်လုပ်ဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ကို စီစစ်အရေးယူပေးရေး၊ ကျောင်းတွင်းစီမံကိန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာချပြရေး၊ တက္ကသိုလ်ကိုအသုံးချပြီး ကိုယ်ကျိုးရှာတဲ့ ပါ​မောက္ခချုပ်​  အလိုမရှိ၊ မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးအရေးယူပေးရေး၊ ပညာရေးဝန်ကြီးဌာနရဲ့ဘက်​လိုက်​​သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အယုံအကြည်​မရှိ  ​ကြွေး​ကြော်​သံ​တွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။

 

သပိတ်​​မှောက်​ ဆန္ဒပြ​ကျောင်းသား​တွေအ​နေနဲ့ တရားမျှတတဲ့ စုံစမ်းစစ်​​ဆေး​ရေး ​ကော်​မရှင်​ မလုပ်​မချင်း သပိတ်​​မှောက်​သွားမှာဖြစ်​ပြီး အဲဒီအတွက်​ ပညာ​ရေးဝန်​ကြီးကိုယ်​တိုင်​ ​တွေ့ဆုံခွင့်​ပြုဖို့လိုတယ်​လို့ ​ကျောင်းသား​တွေက ​ပြောပါတယ်​။

 

 

သပိတ်​​မှောက်​ ​ကျောင်းသား​တွေရဲ့ ​ပြောဆိုမှု​တွေနဲ့ပတ်​သက်​ပြီး ​မန္တ​လေးတက္ကသိုလ်​အ​နေနဲ့က သက်​ဆိုင်​ရာ အထက်​အဆင့်​ဆင့်​ရဲ့ ညွှန်​ကြားချက်​အရသာ လုပ်​​ဆောင်​ခဲ့တာလို့ တက္ကသိုလ်​ရဲ့  ဒုတိယ ပါ​မောက္ခချုပ်​ ​ဒေါက်​တာတင်​ထွန်း​အောင်​က ​ပြောပါတယ်​။

 

 

#voiceofmyanmar #မန္တ​လေးတက္ကသိုလ်​ #သပိတ်​​မှောက်

Related posts

Leave a Comment

VOM News

FREE
VIEW