မန္တလေး၊ စက်တင်ဘာ ၂ – ၂၀၁၉
ဖြူဖြူ (VOM)
မန္တလေးတက္ကသိုလ်ကျောင်းဝင်းထဲမှာ Food Court ဆောက်လုပ်မှုနဲ့ ပတ်သက်ပြီး တင်ဒါစည်းမျဉ်း၊ စည်းကမ်းအတိုင်း ဆောင်ရွက်ခြင်းမရှိသလို ပညာရေးဝန်ကြီးဋ္ဌာနနဲ့ အဆင့်မြင့်ပညာဦးစီးဌာနရဲ့ ခွင့်ပြုချက်မရရှိဘဲ ဆောက်လုပ်လို့ဆိုပြီး ဒီနေ့ စက်တင်ဘာ ၂ ရက်မနက်ပိုင်းမှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တချို့ကနေ သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် Food Court ဆောက်လုပ်ဖို့ အစည်းအဝေးတွေ လုပ်ဆောင်ရာမှာလည်း စီမံခန့်ခွဲရေးအပိုင်းမှာပါဝင်တဲ့ ကျောင်းသားသမဂ္ဂတွေကို ပွင့်လင်းမြင်သာချပြတာမရှိဘဲ သမဂ္ဂတွေရဲ့ လက်မှတ်တွေ အတုအယောင်လုပ်ပြီး သဘောတူညီခဲ့တာကိုလည်း ရှိခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးရေး ဖွဲ့စည်းပြီး စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ကျောင်းသားသမဂ္ဂတွေအနေနဲ့ အခုလို သပိတ်မှောက် ဆန္ဒပြ မလုပ်ဆောင်ခင်မှာ ကျောင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့သလို ပြီးခဲ့တဲ့ တစ်ပတ်ကျော်က နိုင်ငံတော် အတိုင်ပင်ခံရုံး၊ နိုင်ငံတော် သမ္မတရုံး၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့ကို စာပို့အကြောင်းကြားခဲ့ပေမယ့်လည်း အကြောင်းတစ်စုံတစ်ရာ မထူးခြားလို့ သပိတ်မှောက်ရတာလို့ သိရပါတယ်။
ဒီနေ့မှာ နိုင်ငံတော်သမ္မတညွှန်ကြားချက်နဲ့ တည်ဆဲဥပဒေကို ဖောက်ဖျက်လုပ်ဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ကို စီစစ်အရေးယူပေးရေး၊ ကျောင်းတွင်းစီမံကိန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာချပြရေး၊ တက္ကသိုလ်ကိုအသုံးချပြီး ကိုယ်ကျိုးရှာတဲ့ ပါမောက္ခချုပ် အလိုမရှိ၊ မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးအရေးယူပေးရေး၊ ပညာရေးဝန်ကြီးဌာနရဲ့ဘက်လိုက်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အယုံအကြည်မရှိ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။
သပိတ်မှောက် ဆန္ဒပြကျောင်းသားတွေအနေနဲ့ တရားမျှတတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် မလုပ်မချင်း သပိတ်မှောက်သွားမှာဖြစ်ပြီး အဲဒီအတွက် ပညာရေးဝန်ကြီးကိုယ်တိုင် တွေ့ဆုံခွင့်ပြုဖို့လိုတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။
သပိတ်မှောက် ကျောင်းသားတွေရဲ့ ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး မန္တလေးတက္ကသိုလ်အနေနဲ့က သက်ဆိုင်ရာ အထက်အဆင့်ဆင့်ရဲ့ ညွှန်ကြားချက်အရသာ လုပ်ဆောင်ခဲ့တာလို့ တက္ကသိုလ်ရဲ့ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောပါတယ်။
#voiceofmyanmar #မန္တလေးတက္ကသိုလ် #သပိတ်မှောက်