အန်အယ်လ်ဒီဟာ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်ဖြစ်နေတယ်လို့ တစညပါတီ ဝေဖန်

ရန်ကုန် စက်တင်ဘာ ၂၄

သိဂီ င်္(VOM)

 

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟာမျှော်လင့်သလို ဖြစ်မလာတဲ့အပြင် တောင်စမ်းစမ်း မြောက်စမ်းစမ်းနဲ့ ဦးနင်း ပဲ့ထောင်၊ ပဲ့နင်း ဦးထောင် ဖြစ်နေတယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ  ဦးဟန်ရွှေက ဝေဖန်ပြောဆိုလိုက်ပါတယ်။

 

အန်အယ်လ်ဒီအနေနဲ့ နိုင်ငံရေးအတွေ့အကြုံတွေ အများကြီး ရှိခဲ့တာကြောင့် အစိုးရတရပ် ဖြစ်လာချိန်မှာ နိုင်ငံအရေးတွေကို အင်တိုက်အားတိုက် လုပ်သွားနိုင်မယ်လို့ မျှော်လင့်ထားခဲ့တာတွေဟာ ဖြစ်မလာဘူးလို့ ဒီနေ့ကျင်းပတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၃၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ အခုလို ဝေဖန်ခဲ့တာပါ။

 

“ပြည်သူတွေက ပုံပြီး ယုံပြီးမဲပေးကြတယ်။ NLD က တပ်မတော်အစိုးရလက်ထက်လည်းမှီတယ်။  ဦးသိန်းစိန်အစိုးရလက်ထက်လည်းမှီတယ်။  လွှတ်တော်လည်း ဝင်ရောက်ခဲ့တယ်။၂၀၁၅ မှာအစိုးရဖြစ်တယ်။ ဘာပဲပြောပြော သူကအတွေ့ကြုံရှိနေပြီ။ ဒီတော့ NLD အစိုးရဖြစ်တာနဲ့ ဒိုင်း ဒိုင်း ဒိုင်း ဆိုပြီး လုပ်သွားမယ် မျှော်လ့င်တာ တကယ်တမ်းက မဖြစ်ဘူး။ တောင်စမ်းစမ်း မြောက်စမ်းစမ်း ဦးနင်း ပဲ့ထောင် ပဲ့နင်း ဦးထောင် ဖြစ်နေတယ်” လို့ ဦးဟန်ရွှေကဆိုပါတယ်။

 

ဒါ့အပြင် စီးပွားရေးမူဝါဒအဖြစ် ချမှတ်ထားတဲ့ မူဝါဒ ၁၂ ချက်ကလည်း တိတိကျကျ ဘာလုပ်မယ်ဆိုတာမပါဘဲ ယောင်ဝါးဝါးသာ ဖြစ်နေတယ်၊ ငြိမ်းချမ်းရေး ကဏ္ဍမှာလည်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးညီလာခံ ခေါင်းစဉ်နဲ့ လုပ်ခဲ့ပြီး NLD အစိုးရကတော့ ၂၁ ရာစုပင်လုံညီလာခံ ဆိုပြီး လုပ်ပေမယ့် ၂ နှစ် ကျော်ကြာတဲ့အထိ ပင်လုံညီလာခံအကြောင်း မကြားရတော့ပြန်ဘူးလို့ သူက ဆိုပါတယ်။

 

“အန်အယ်လ်ဒီအနေနဲ့ လုပ်ဆောင်ချက်တိုင်းကို ပြည်သူတွေကို ပွင့်လင်းမြင်သာစွာချပြဖို့ လိုတယ်” လို့ ဦးဟန်ရွှေက ပြောပါတယ်။

 

ဒါ့အပြင် နိုင်ငံရေး ပါတီကြီးတခု အနေနဲ့ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချတာမျိုးမဟုတ်ပေမယ့် ကူညီသင့်တာတွေကို ကူညီဖို့ လိုတယ်လို့ သူကဆိုပြီး ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က ဗလီတွေကို လှည့်လည် လှူဒါန်းတာတွေကို ထောက်ပြပါတယ်။

 

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ကျောင်းတွေ ဗလီတွေ ချပ်စ်ကျောင်းတွေကို တပ်မတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကူညီတာ စောင့်ရှောက်တာ ကျတော်တို့ကတော့  လက်ခံတယ်။ ဒီလိုမျိုးတွေ များများလုပ်ပေးသွားရမယ်။ နိုင်ငံရေးပါတီကြီးတွေအနေနဲ့ ဘာသာရေးကို နိုင်ငံရေးအရ အသုံးမချရဘူးဆိုပေမယ့် ကူညီသင့်တဲ့ကိစ္စကို ကူညီရမယ်” လို့ တစည ပါတီ ဒုဥက္ကဋ္ဌက ဆိုပါတယ်။

 

အရင် တပ်မတော်အစိုးရလက်ထက်တုန်းကလည်း ဗုဒ္ဓသာသနာစာသင်တိုက်ကြီးတွေကို ဆန် ဆီ စသဖြင့် လှူဒါန်းခဲ့သလို တခြားဘာသာကနေလုပ်တဲ့ လူအိုရုံတွေကိုလည်း လှူဒါန်းတာတွေရှိခဲ့တာကြောင့် ခုလည်း တပ်မတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကူညီတာတွေကို လက်ခံတာမျိုးဖြစ်တယ်လို့ဆိုပါတယ်။

 

တစည ပါတီရဲ့ နှစ်ပတ်လည်အခမ်းအနားကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ခေါင်းဆောင်အချို့ တက်ရောက်တာကိုလည်း တွေ့ရပါတယ်။ တစည ပါတီကတော့ ပြည်ခိုင်ဖြိုးပါတီဝင်တွေ အခုလို တက်ရောက်လာတာဟာ မဟာမိတ်ဖွဲ့ဖို့မဟုတ်သလို တစည အနေနဲ့ ဘယ်ပါတီနဲ့မှ မဟာမိတ်ဖွဲ့ထားတာ မရှိဘူးလို့ ဆိုပါတယ်။

 

ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ စစ်အစိုးရ လက်ထက်မှာ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ မဆလ ပါတီကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) အဖြစ် နာမည်ပြောင်း၊ အသစ်ပြန်လည်ဖွဲ့စည်းပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

 

လက်ရှိမှာ ပါတီဝင်ပေါင်း  ၄၉၀၀၀၀ ရှိကြောင်းနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တနိုင်ငံလုံး အတိုင်းအတာအဖြစ် တိုင်းနဲ့ပြည်နယ် အကုန်လုံးအပြင် နေပြည်တော်ကောင်စီနယ်မြေမှာပါ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ တစည တာဝန်ရှိသူတွေက ပြောပါတယ်။

 

ပါတီရဲ့ မူဝါဒတွေဖြစ်တဲ့ အမျိုးသားရေး၊ တိုင်းရင်းသားအရေး၊ တောင်သူလယ်သမားရေးနဲ့ စီးပွားရေး ကဏ္ဍတွေကို ဦးစားပေးမှာဖြစ်ပြီး တစည အနေနဲ့ ရွေးကောက်ပွဲမှာ မယှဉ်ပြိုင်ဖြစ်တဲ့ တိုင်းရင်းသား နယ်မြေတွေမှာတော့ ဒေသခံ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံအားပေးသွားမယ်လို့ ဆိုပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW