မြောက်ကိုရီးယားထက် တရုတ်နိုင်ငံက ပိုမိုခြိမ်းခြောက်နိုင်ကြောင်း ဂျပန်ကာကွယ်ရေးအစီရင်ခံစာဖော်ပြ

တိုကျို၊ စက်တင်ဘာ-၂၇-၂၀၁၉

မျိုးဆက် (VOM)

 

မြောက်ကိုရီးယားဟာ ဒုံးပျံတွေမှာ နျူကလီးယားထိပ်ဖူးတွေတပ်ဆင်ပစ်လွှတ်နိုင်တဲ့ အရိပ်လက္ခဏာ တွေရှိနေပမယ့် ဂျပန်နိုင်ငံကိုအဓိကခြိမ်းခြောက်တဲ့နိုင်ငံအဖြစ်သတ်မှတ်ထားတဲ့  မြောက်ကိုရီးယားနေရာမှာ စစ်အင်အားကြီးထွားလာတဲ့ တရုတ်နိုင်ငံက အစားထိုးခြိမ်းခြောက်နေတယ်လို့ စက်တင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်တဲ့ ဂျပန်နိုင်ငံရဲ့ နှစ်ပတ်လည် ကာကွယ်ရေးသုံးသပ်ချက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

 

ဂျပန်နိုင်ငံရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ရဲ့ ကာကွယ်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းမှာ တရုတ်နိုင်ငံကို ဒုတိယနေရာအဖြစ် ပထမဆုံးအကြိမ်သတ်မှတ်လိုက်ပြီး မြောက်ကိုရီးယားကို တတိယနေရာ သတ်မှတ်လိုက်ပြီးနောက် ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးသုံးသပ်ချက်အစီရင်ခံစာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

စစ်အေးခေတ်က အဓိကခြိမ်းခြောက်ခဲ့တဲ့ ရုရှားနိုင်ငံကိုတော့ ဂျပန်နိုင်ငံက စတုတ္ထနေရာမှာ သတ်မှတ်ထားပါတယ်။ တရုတ်နိုင်ငံဟာ စစ်ရေးအသုံးစရိတ်ကို အလျင်အမြန်တိုးမြင့်သုံးစွဲလာပြီး ပစိဖိတ်အနောက်ပိုင်းမှာ ရေတပ်နှင့်လေတပ်အင်အားတွေကို ဖြန့်ကြက်ထားသလို ဂျပန်ပင်လယ်အတွင်းရှိ ဆူရှီမာရေလက်ကြားကိုလည်း မကြခဏဖြတ်သန်းဝင်ရောက်နေတယ်လို့ဂျပန်ကာကွယ်ရေးဝန်ကြီး တာရိုကိုနိုက ပြောပါတယ်။

 

 

ဂျပန်နိုင်ငံဟာ နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်ဖွယ်ရှိတဲ့ မြောက်ကိုရီးယားရဲ့ ဒုံးပျံတွေကို ကာကွယ်ရေးအပါအ၀င် တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယားတို့ရဲ့ အဆင့်မြင့်စစ်ဘက်ကာကွယ်ရေးစနစ်တွေကို တန်ပြန်ဖို့အတွက် ခုနှစ်နှစ်အတွင်း စစ်ရေးအသုံးစရိတ် ဆယ်ဆတိုးမြင့်သုံးစွဲခဲ့ပါတယ်။

 

ဒါ့အပြင် မကြာသေးမီကာလတွေအတွင်း မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တဲ့ တာတိုပစ်ဒုံးပျံတွေဟာ ဂျပန်နိုင်ငံမှာ ဖြန့်ကြက်ထားတဲ့ ဒုံးပျံကာကွယ်ရေးစနစ်ကို ရှောင်ရှားနိုင်တဲ့ ဒုံးပျံတွေဖြစ်တယ်လို့ ဂျပန်နိုင်ငံက ယုံကြည်ထားပါတယ်။

 

Ref: CNA

Photo :Reuters

#voiceofmyanmar #တရုတ် #ဂျပန် #မြောက်ကိုရီးယား

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW