သတင္းေကာင္းတပုုဒ္နဲ႕ သတင္းသမားေကာင္း တစ္ေယာက္ျဖစ္ဖုိ႔

zawgyi

 

VOM ( Voice Of Myanmar ) မွာ သတင္းေထာက္လုုပ္ေတာ့မယ့္ သတင္းေထာက္ေတြအတြက္ ရံုုးတြင္းသင္တန္းေလးနဲ႕ သိသင့္သိထိုုက္တာေတြကိုု အရင္ဆံုုးမွ်ေဝဖလွယ္ျဖစ္ပါတယ္။ သတင္းသမားေတြအတြက္ အေျခခံသင္ခန္းစာျဖစ္သလိုု သတင္းဖတ္သူေတြလည္း ဘယ္ဟာကိုုသတင္းလိုု႕ေခၚတယ္ သတင္းတပုုဒ္မွာ ဘယ္လိုု အရာေတြ ပါသင့္တယ္ ၊ ဘယ္လိုုလူကိုု သတင္းသမားလိုု႕ေခၚတယ္ဆိုုတာ သိသင့္သိထိုုက္တယ္ထင္လိုု႕ ျပန္လည္မွ်ေဝလိုုက္ပါတယ္။

 

သတင္းဆုိတာဘာလဲ?

 

သတင္းဆုိတာ အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ က လာတဲ့ ထူးျခားတဲ႕ ျဖစ္စဥ္မွန္သမွ် သတင္းလုိ႔ေခၚတယ္လိုု႕ အဆင့္ဆင့္လက္ဆင့္ကမ္းလာတဲ႕ ဆရာ့ဆရာေတြက ေျပာခဲ႕တာကိုု မွတ္သားခဲ႕ဘူးပါတယ္။

 

ဘယ္အရာေတြက သတင္းျဖစ္မလဲ ?

သဘာ၀ေဘးအႏၱရာယ္၊ ပဋိပကၡ၊ နည္းပညာ၊ တုိက္ပြဲ၊ ေဖ်ာ္ေျဖေရး၊ နိုုင္ငံေရး၊ မိုုးေလဝသ၊ အားကစား၊ ပညာေရး၊ လူအခြင့္အေရး၊ ဥပေဒျပဳေရး၊ တရားစီရင္ေရးေတြအျပင္ လူေတြ စိတ္၀င္စားမႈ အားေကာင္းတဲ့အရာ၊ အမ်ားနဲ႕ သက္ဆုိင္တဲ႕ အေရးႀကီးတာမွန္သမွ် သတင္းျဖစ္တာပါပဲ။

 

သတင္းေတြကိုု ဘယ္ေနရာေတြကေနရွာေဖြရရွိနုုိင္မလဲ ?

ဌာနဆုိင္ရာ၊ ၀န္ထမ္းေတြ၊ လူမႈ ကယ္ဆယ္ေရးအသင္း၊ မီးသတ္၊ ရဲဌာန၊ ေဆးရံုု၊ လူစည္ကားတဲ့ေနရာ၊ ေစ်း၊ လူမႈကြန္ယက္မွတဆင့္၊ ဂ်ာနယ္၊ TV Channel၊ ေတာင္သူလယ္သမား။
သံဃာေတာ္မ်ား၊ ႏုိင္ငံေရးပါတီ၊ NGO၊ ကုန္သည္ႀကီးမ်ားအသင္း၊ စားေသာက္ကုန္လုပ္ငန္းရွင္မ်ား၊ ထုတ္ျပန္ခ်က္ေတြ၊ သတင္းစာေတြ၊ သတင္းေထာက္အခ်င္းခ်င္း ေတြကဆီကေနလည္း ရနုုိင္ျပီး၊ ကုုိယ္လုုပ္ခဲ့တဲ့၊ ဒါမွမဟုုတ္ သူမ်ားေတြ ေရးထားျပီးခဲ့တဲ့ သတင္းေတြရဲ႕ ေနာက္ဆက္တြဲ အေျခအေနေတြ စတာေတြအေပၚ သတင္းေထာက္ရဲ႕ အျမင္အၾကားစူးရွမွုုေပၚမူတည္ျပီး သတင္းေတြ အမ်ိဳးမ်ိဳးထြက္လာနုုိင္ပါတယ္။

 

သတင္းေကာင္းတစ္ပုဒ္ျဖစ္ဖုိ႔ အဂၤါရပ္မ်ား

စိတ္၀င္စားမႈ အားေကာင္းရမယ္။ တိက်၊ မွန္ကန္၊ ျမန္ဆန္ရမယ္၊ အရင္းအျမစ္ ခုိင္မာရမယ္။
ခုိင္မာတဲ့ ကိန္းဂဏန္း၊ နာမည္၊ ရက္စြဲ အေထာက္အထားေတြဟာ စိတ္ခ်ယံုုၾကည္ဖြယ္ျဖစ္ဖုိ႔လုိပါတယ္။ သတင္းေရးသားတဲ႕ေနရာမွာလည္း အမ်ားနားလည္နိုုင္တဲ႕ အေရးအသားျဖစ္ဖိုု႕ ရွင္းလင္းက်စ္လစ္တဲ႕ ဝါက်တည္ေဆာက္နိုုင္ဖိုု႕လုိပါတယ္၊ ျပည့္စံုုတဲ႕ သတင္းတပုုဒ္ျဖစ္ဖိုု႕ဆိုုရင္ ဒီျဖစ္စဥ္နဲ႕ အလားသ႑ာန္တူတဲ့ျဖစ္စဥ္ ေနာက္ခံအေၾကာင္းအရာေတြထည့္ဖုိ႔လုိအပ္ပါတယ္။ ဒါေပမယ့္သတင္းေထာက္ရဲ႕ ထင္ျမင္ယူဆခ်က္မပါေအာင္ သတိထားဖုိ႔လုိအပ္ပါတယ္၊ အေထာက္အထားအတြက္ ဓာတ္ပုံ၊ဗီဒီယုိဖုိင္ေတြ ၊ တျခားစာရြက္အေထာက္အထားေတြကိုု တင္ျပနုုိင္ရင္ေတာ့ စိတ္ခ်ယံုုၾကည္ရဆံုုး သတင္းျဖစ္ျပီလိုု႕ မွတ္ယူရမွာပါ။

 

သတင္းတပုုဒ္မွာ မပါမျဖစ္ ဘာေတြပါဖိုု႕ အေရးႀကီးသလဲ ?

သတင္းေထာက္ေတြကိုု သင္တန္းေပးတဲ႕သင္တန္းတိုုင္းမွာ ဘ ၆လံုုး လုုိ႕လည္း ေခၚၾကသလိုု 5 W-H လိုု႕ေခၚတဲ႕ မပါမျဖစ္ အေျခခံ ၆ခုု ရွိပါတယ္။ What ဘာျဖစ္တာလဲ Where ဘယ္ေနရာမွာလဲ Who ဘယ္သူေတြလဲ Why ဘာ့ေၾကာင့္ျဖစ္ၾကလဲ When ဘယ္အခ်ိန္မွာ ျဖစ္တာလဲ How ဘယ္လိုုေတြျဖစ္ၾကလဲ ဆိုုတာေတြ မပါမျဖစ္ သတိထားရသလိုု How many ဘယ္ေလာက္မ်ားမ်ားျဖစ္လဲ၊ အဲဒီေတာ့ So What ဘာဆက္ျဖစ္ၾကသလဲ ဆိုုတာေတြအျပင္ Background ဆိုုတဲ႕ ေနာက္ခံအေၾကာင္းတရားေတြနဲ႕ ဒီလိုုအလားတူျဖစ္စဥ္ေတြ ျဖစ္ခဲ႕ဘူးတာေတြ ပါဖိုု႕ လည္း အေရးၾကီးပါတယ္။ ဒီအတြက္ သတင္းေထာက္က ကိုုယ့္သတင္းနဲ႕ဆိုုင္တဲ႕ အေၾကာင္းအရာေတြကိုု ရွာေဖြျဖည့္စြက္ရသလိုု ကိုယ္တုုိင္လည္း သိေအာင္ ေလ့လာထားတဲ႕ ဝမ္းစာေတြကိုု ျဖည့္တင္းနိုုင္မွ သင့္ယံုုရွိပါမယ္။ ဒါမွ ကိုုယ္ေရးတဲ႕သတင္းစာ ျပီးျပည့္စံုုတဲ႕ သတင္းတပုုဒ္အျဖစ္ စာဖတ္သူက မွတ္ယူျပီး သူတိုု႕ရခ်င္တဲ႕ သတင္းဆာေလာင္မွဳကိုု ျဖည့္ဆည္းေပးနိုုင္မွာျဖစ္ပါတယ္။

 

သတင္းေထာက္ေကာင္းတစ္ေယာက္ျဖစ္ဖုိ႔အတြက္ ဘာေတြလုိအပ္မလဲ ?

သတင္းစာပညာကုိ ထုိက္သင့္သေလာက္ မတတ္မျဖစ္ တတ္ကိုုတတ္ရပါမယ္။
ဇြဲ၊ လုံ႔လ ရွိဖိုု႕လုုိသလိုု သတင္းစာပညာအေပၚခံယူခ်က္၊ ယံုုၾကည္ခ်က္၊ ဝါသနာ ၊ ေစတနာေတြ မရွိမျဖစ္လိုုပါတယ္။

ဒါေတြအျပင္ သတင္းသမားက်င့္၀တ္နဲ႔အညီ ေနထုိင္ရမယ္၊ ဥပေဒ စည္းကမ္းေတြလုိက္နာရမယ္၊ ေပါင္းသင္းဆက္ဆံေရးေကာင္းရမယ္၊ အဆက္အသြယ္ေတြမ်ားမ်ား ရွိေအာင္ၾကိဳးစားအားထုုတ္ျပီး ေလ့လာမႈအားေကာင္းမွ ရပါတယ္။

သတင္းလုုိက္တဲ႕ေနရာ အင္တာဗ်ဴးသြားတဲ႕ေနရာေတြမွာ လူရိုုေသရွင္ရုုိေသျဖစ္ဖိုု႕ ၀တ္စားဆင္ယင္မႈတတ္ရပါတယ္။ သန္႔ရွင္းသပ္ရပ္စြာ ေနထုိင္တတ္ျပီးေတာ့ သတင္းရင္းျမစ္ေတြန႕ဲ႕ အျပန္အလွန္ေလးစားမွုုေတြ ရွိကိုုရွိရပါမယ္။ ဒါေပမယ့္ အယံုအၾကည္ မလြယ္ရပဲ သတင္းအတြက္ သံသယစိတ္ထားရပါမယ္။ စစ္ေဆးမႈျပဳလုပ္ရမယ္၊ မွတ္သားၿပီး ေမးခြန္ထုတ္ဖို႔စဥ္းစားရမယ္၊ ရဲရဲ၀ံ႕ဝံ႕ေရးသားရဲရမယ္၊ အဂတိကင္းကင္းနဲ႕ မွန္ကန္မႈရွိဖုိ႔လုိပါတယ္။

သတင္းအေၾကာင္းအရာေတြျဖစ္စဥ္ေတြ သတင္းေတြေတြ႕တုုိင္း အလြယ္မယံုုပဲ ဒီအေၾကာင္းအရာဟာ တကယ့္ယံုုၾကည္ရတဲ႕ သတင္းဌာနလား၊ သတင္းပါအေၾကာင္းအရာမွာ ဘယ္လုုိရင္းျမစ္ေတြကိုု သံုုးထားလဲ သတင္းရဲ႕ ခုုိင္မာမွုုကိုု စစ္ေဆးသင့္ပါတယ္။

ေနာက္ထပ္လိုုအပ္ခ်က္ေတြကေတာ့ စပ္စုတတ္တဲ့စိတ္ ရွိရမယ္၊ အေရးႀကီးသတင္းရွိခ်ိန္ သြားလာႏုိင္ရမယ္၊ သတင္းေရးသားတဲ႕ေနရာမွာ ပါတီစြဲ ၊ ငါစြဲ ကင္းရွင္းရပါမယ္၊ ဘက္လုိက္မႈကင္းရမယ္။ သတင္းသမားကိုုယ္တုုိင္က ပါတီဝင္၊ လက္နက္ကိုုင္အဖြဲ႕ဝင္ျဖစ္ေနရင္ေတာ့ အဲဒီသတင္းသမားကိုု ယံုုၾကည္မွဳက်ဆင္းတတ္တာကိုု သတိထားျပီး ပါတီနုုိင္ငံေရးေတြကိုု ကင္းနုုိင္သမွ် ကင္းနုုိင္ရင္ အေကာင္းဆံုုးပါဘဲ။

ေနာက္ဆံုုး အေရးၾကီးတာကေတာ့ အာဏာရွင္စနစ္မွာ သတင္းေထာက္ကိုု တရားစြဲတာ သတင္းရင္းျမစ္ကိုု တရားစြဲေထာင္ခ်တာ ရန္ရွာတာေတြရွိတတ္တာမိုု႕ ကိုုယ့္ကိုုသတင္းေပးသူကုိ ကာကြယ္ရပါမယ္၊ သတင္းမွတ္တမ္းေတြကိုု ထိမ္းသိမ္းမႈစြမ္းရွိကိုုရွိရမွာပါ။

ဒါေတြသိထားတတ္ထားယံုုနဲ႕ သတင္းေထာက္ျဖစ္ျပီလားဆိုုေတာ့ နိုုးပါ။ ေလ႕လာသင္ယူရမယ့္ သင္ခန္းစာေတြ အေတြ႕အၾကံဳေတြ အမ်ားၾကီးလုုိအပ္ပါေသးတယ္။ ကင္မရာကိုုင္တုုိင္း ေဖ႕ဘုုတ္မွာ လူတြင္က်ယ္ျဖစ္ေနတိုုင္း သတင္းသမားလိုု႕ မထင္သင့္ပါ။

ဒီအေျခခံ အေၾကာင္းအရာေတြဟာ သတင္းသမားတိုုင္း မျဖစ္မေနလိုုက္နာရမယ့္ သိထားရမယ့္ အေျခခံ သင္ခန္းစာေတြျဖစ္သလိုု သတင္းစိတ္ဝင္စားသူေတြလည္း သိသင့္တာေတြမိုု႕ VOM အယ္ဒီတာအာေဘာ္က႑ကေန တင္ျပလိုုက္ရျခင္းျဖစ္ပါတယ္။

VOM အယ္ဒီတာအဖြဲ႕

 

Unicode

သတင်းကောင်းတပုဒ်နဲ့ သတင်းသမားကောင်း တစ်ယောက်ဖြစ်ဖို့

 

VOM ( Voice Of Myanmar ) မှာ သတင်းထောက်လုပ်တော့မယ့် သတင်းထောက်တွေအတွက် ရုံးတွင်းသင်တန်းလေးနဲ့ သိသင့်သိထိုက်တာတွေကို အရင်ဆုံးမျှဝေဖလှယ်ဖြစ်ပါတယ်။ သတင်းသမားတွေအတွက် အခြေခံသင်ခန်းစာဖြစ်သလို သတင်းဖတ်သူတွေလည်း ဘယ်ဟာကိုသတင်းလို့ခေါ်တယ် သတင်းတပုဒ်မှာ ဘယ်လို အရာတွေ ပါသင့်တယ် ၊ ဘယ်လိုလူကို သတင်းသမားလို့ခေါ်တယ်ဆိုတာ သိသင့်သိထိုက်တယ်ထင်လို့ ပြန်လည်မျှဝေလိုက်ပါတယ်။

သတင်းဆိုတာဘာလဲ?

သတင်းဆိုတာ အရှေ့၊ အနောက်၊ တောင်၊ မြောက် က လာတဲ့ ထူးခြားတဲ့ ဖြစ်စဉ်မှန်သမျှ သတင်းလို့ခေါ်တယ်လို့ အဆင့်ဆင့်လက်ဆင့်ကမ်းလာတဲ့ ဆရာ့ဆရာတွေက ပြောခဲ့တာကို မှတ်သားခဲ့ဘူးပါတယ်။

ဘယ်အရာတွေက သတင်းဖြစ်မလဲ ?

သဘာဝဘေးအန္တရာယ်၊ ပဋိပက္ခ၊ နည်းပညာ၊ တိုက်ပွဲ၊ ဖျော်ဖြေရေး၊ နိုင်ငံရေး၊ မိုးလေဝသ၊ အားကစား၊ ပညာရေး၊ လူအခွင့်အရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေအပြင် လူတွေ စိတ်ဝင်စားမှု အားကောင်းတဲ့အရာ၊ အများနဲ့ သက်ဆိုင်တဲ့ အရေးကြီးတာမှန်သမျှ သတင်းဖြစ်တာပါပဲ။

သတင်းတွေကို ဘယ်နေရာတွေကနေရှာဖွေရရှိနိုင်မလဲ ?

ဌာနဆိုင်ရာ၊ ဝန်ထမ်းတွေ၊ လူမှု ကယ်ဆယ်ရေးအသင်း၊ မီးသတ်၊ ရဲဌာန၊ ဆေးရုံ၊ လူစည်ကားတဲ့နေရာ၊ ဈေး၊ လူမှုကွန်ယက်မှတဆင့်၊ ဂျာနယ်၊ TV Channel၊ တောင်သူလယ်သမား။
သံဃာတော်များ၊ နိုင်ငံရေးပါတီ၊ NGO၊ ကုန်သည်ကြီးများအသင်း၊ စားသောက်ကုန်လုပ်ငန်းရှင်များ၊ ထုတ်ပြန်ချက်တွေ၊ သတင်းစာတွေ၊ သတင်းထောက်အချင်းချင်း တွေကဆီကနေလည်း ရနိုင်ပြီး၊ ကိုယ်လုပ်ခဲ့တဲ့၊ ဒါမှမဟုတ် သူများတွေ ရေးထားပြီးခဲ့တဲ့ သတင်းတွေရဲ့ နောက်ဆက်တွဲ အခြေအနေတွေ စတာတွေအပေါ် သတင်းထောက်ရဲ့ အမြင်အကြားစူးရှမှုပေါ်မူတည်ပြီး သတင်းတွေ အမျိုးမျိုးထွက်လာနိုင်ပါတယ်။

သတင်းကောင်းတစ်ပုဒ်ဖြစ်ဖို့ အင်္ဂါရပ်များ

စိတ်ဝင်စားမှု အားကောင်းရမယ်။ တိကျ၊ မှန်ကန်၊ မြန်ဆန်ရမယ်၊ အရင်းအမြစ် ခိုင်မာရမယ်။
ခိုင်မာတဲ့ ကိန်းဂဏန်း၊ နာမည်၊ ရက်စွဲ အထောက်အထားတွေဟာ စိတ်ချယုံကြည်ဖွယ်ဖြစ်ဖို့လိုပါတယ်။ သတင်းရေးသားတဲ့နေရာမှာလည်း အများနားလည်နိုင်တဲ့ အရေးအသားဖြစ်ဖို့ ရှင်းလင်းကျစ်လစ်တဲ့ ဝါကျတည်ဆောက်နိုင်ဖို့လိုပါတယ်၊ ပြည့်စုံတဲ့ သတင်းတပုဒ်ဖြစ်ဖို့ဆိုရင် ဒီဖြစ်စဉ်နဲ့ အလားသဏ္ဍာန်တူတဲ့ဖြစ်စဉ် နောက်ခံအကြောင်းအရာတွေထည့်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့်
သတင်းထောက်ရဲ့ ထင်မြင်ယူဆချက်မပါအောင် သတိထားဖို့လိုအပ်ပါတယ်၊ အထောက်အထားအတွက် ဓာတ်ပုံ၊ဗီဒီယိုဖိုင်တွေ ၊ တခြားစာရွက်အထောက်အထားတွေကို တင်ပြနိုင်ရင်တော့ စိတ်ချယုံကြည်ရဆုံး သတင်းဖြစ်ပြီလို့ မှတ်ယူရမှာပါ။

သတင်းတပုဒ်မှာ မပါမဖြစ် ဘာတွေပါဖို့ အရေးကြီးသလဲ ?

သတင်းထောက်တွေကို သင်တန်းပေးတဲ့သင်တန်းတိုင်းမှာ ဘ ၆လုံး လို့လည်း ခေါ်ကြသလို 5 W-H လို့ခေါ်တဲ့ မပါမဖြစ် အခြေခံ ၆ခု ရှိပါတယ်။ What ဘာဖြစ်တာလဲ Where ဘယ်နေရာမှာလဲ Who ဘယ်သူတွေလဲ Why ဘာ့ကြောင့်ဖြစ်ကြလဲ When ဘယ်အချိန်မှာ ဖြစ်တာလဲ How ဘယ်လိုတွေဖြစ်ကြလဲ ဆိုတာတွေ မပါမဖြစ် သတိထားရသလို How many ဘယ်လောက်များများဖြစ်လဲ၊ အဲဒီတော့ So What ဘာဆက်ဖြစ်ကြသလဲ ဆိုတာတွေအပြင် Background ဆိုတဲ့ နောက်ခံအကြောင်းတရားတွေနဲ့ ဒီလိုအလားတူဖြစ်စဉ်တွေ ဖြစ်ခဲ့ဘူးတာတွေ ပါဖို့ လည်း အရေးကြီးပါတယ်။ ဒီအတွက် သတင်းထောက်က ကိုယ့်သတင်းနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ရှာဖွေဖြည့်စွက်ရသလို ကိုယ်တိုင်လည်း သိအောင် လေ့လာထားတဲ့ ဝမ်းစာတွေကို ဖြည့်တင်းနိုင်မှ သင့်ယုံရှိပါမယ်။ ဒါမှ ကိုယ်ရေးတဲ့သတင်းစာ ပြီးပြည့်စုံတဲ့ သတင်းတပုဒ်အဖြစ် စာဖတ်သူက မှတ်ယူပြီး သူတို့ရချင်တဲ့ သတင်းဆာလောင်မှုကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။

သတင်းထောက်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ဘာတွေလိုအပ်မလဲ ?

သတင်းစာပညာကို ထိုက်သင့်သလောက် မတတ်မဖြစ် တတ်ကိုတတ်ရပါမယ်။
ဇွဲ၊ လုံ့လ ရှိဖို့လိုသလို သတင်းစာပညာအပေါ်ခံယူချက်၊ ယုံကြည်ချက်၊ ဝါသနာ ၊ စေတနာတွေ မရှိမဖြစ်လိုပါတယ်။

ဒါတွေအပြင် သတင်းသမားကျင့်ဝတ်နဲ့အညီ နေထိုင်ရမယ်၊ ဥပဒေ စည်းကမ်းတွေလိုက်နာရမယ်၊ ပေါင်းသင်းဆက်ဆံရေးကောင်းရမယ်၊ အဆက်အသွယ်တွေများများ ရှိအောင်ကြိုးစားအားထုတ်ပြီး လေ့လာမှုအားကောင်းမှ ရပါတယ်။

သတင်းလိုက်တဲ့နေရာ အင်တာဗျူးသွားတဲ့နေရာတွေမှာ လူရိုသေရှင်ရိုသေဖြစ်ဖို့ ဝတ်စားဆင်ယင်မှုတတ်ရပါတယ်။ သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်ပြီးတော့ သတင်းရင်းမြစ်တွေနဲ့ အပြန်အလှန်လေးစားမှုတွေ ရှိကိုရှိရပါမယ်။ ဒါပေမယ့် အယုံအကြည် မလွယ်ရပဲ သတင်းအတွက် သံသယစိတ်ထားရပါမယ်။ စစ်ဆေးမှုပြုလုပ်ရမယ်၊ မှတ်သားပြီး မေးခွန်ထုတ်ဖို့စဉ်းစားရမယ်၊ ရဲရဲဝံ့ဝံ့ရေးသားရဲရမယ်၊ အဂတိကင်းကင်းနဲ့ မှန်ကန်မှုရှိဖို့လိုပါတယ်။

သတင်းအကြောင်းအရာတွေဖြစ်စဉ်တွေ သတင်းတွေတွေ့တိုင်း အလွယ်မယုံပဲ ဒီအကြောင်းအရာဟာ တကယ့်ယုံကြည်ရတဲ့ သတင်းဌာနလား၊ သတင်းပါအကြောင်းအရာမှာ ဘယ်လိုရင်းမြစ်တွေကို သုံးထားလဲ သတင်းရဲ့ ခိုင်မာမှုကို စစ်ဆေးသင့်ပါတယ်။

နောက်ထပ်လိုအပ်ချက်တွေကတော့ စပ်စုတတ်တဲ့စိတ် ရှိရမယ်၊ အရေးကြီးသတင်းရှိချိန် သွားလာနိုင်ရမယ်၊ သတင်းရေးသားတဲ့နေရာမှာ ပါတီစွဲ ၊ ငါစွဲ ကင်းရှင်းရပါမယ်၊ ဘက်လိုက်မှုကင်းရမယ်။ သတင်းသမားကိုယ်တိုင်က ပါတီဝင်၊ လက်နက်ကိုင်အဖွဲ့ဝင်ဖြစ်နေရင်တော့ အဲဒီသတင်းသမားကို ယုံကြည်မှုကျဆင်းတတ်တာကို သတိထားပြီး ပါတီနိုင်ငံရေးတွေကို ကင်းနိုင်သမျှ ကင်းနိုင်ရင် အကောင်းဆုံးပါဘဲ။

နောက်ဆုံး အရေးကြီးတာကတော့ အာဏာရှင်စနစ်မှာ သတင်းထောက်ကို တရားစွဲတာ သတင်းရင်းမြစ်ကို တရားစွဲထောင်ချတာ ရန်ရှာတာတွေရှိတတ်တာမို့ ကိုယ့်ကိုသတင်းပေးသူကို ကာကွယ်ရပါမယ်၊ သတင်းမှတ်တမ်းတွေကို ထိမ်းသိမ်းမှုစွမ်းရှိကိုရှိရမှာပါ။

ဒါတွေသိထားတတ်ထားယုံနဲ့ သတင်းထောက်ဖြစ်ပြီလားဆိုတော့ နိုးပါ။ လေ့လာသင်ယူရမယ့် သင်ခန်းစာတွေ အတွေ့အကြုံတွေ အများကြီးလိုအပ်ပါသေးတယ်။ ကင်မရာကိုင်တိုင်း ဖေ့ဘုတ်မှာ လူတွင်ကျယ်ဖြစ်နေတိုင်း သတင်းသမားလို့ မထင်သင့်ပါ။

ဒီအခြေခံ အကြောင်းအရာတွေဟာ သတင်းသမားတိုင်း မဖြစ်မနေလိုက်နာရမယ့် သိထားရမယ့် အခြေခံ သင်ခန်းစာတွေဖြစ်သလို သတင်းစိတ်ဝင်စားသူတွေလည်း သိသင့်တာတွေမို့ VOM အယ်ဒီတာအာဘော်ကဏ္ဍကနေ တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

VOM အယ်ဒီတာအဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW