တပ်မတော်နဲ့ အေအေတိုက်ပွဲအတွင်း တပ်မတော်ကရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ အေအေထုတ်ပြန်

မင်းပြား၊ဇန်နဝါရီ ၉-၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း ၊ မင်းပြားမြို့နယ် ၊ ခွဆုံကျေးရွာအနီးမှာ မနေ့က ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်းက တပ်မတော်နဲ့ အေအေတိုက်ပွဲဖြစ်ပွားခဲ့ရာ နံနက် ၁၁ နာရီခန့်မှာ တပ်မတော်ဖက်က ရဟတ်ယာဉ်နှစ်စီးနဲ့ နာရီဝက်ခန့် လာရောက်ပစ်ခတ်ခဲ့တယ်လို့ အေအေဖက်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

မင်းပြားမြို့နယ်၊ ကျောက်ကရွာအရှေ့မြောက်ဖက် (၅.၅) ကီလိုမီတာအကွာအဝေးမှာ နံနက် ၁၁ နာရီ ၅ မိနစ်ကလည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

မင်းပြားမြို့နယ်၊ ခွဆုံကျေးရွာနဲ့ ကျောက်ကရွာအနီးတိုက်ပွဲတွေမှာ တပ်မတော်ဖက်က (၃) ဦးကျဆုံးပြီး (၁၀) ဦးဒဏ်ရာရရှိခဲ့တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မင်းပြားမြို့နယ် ဖေသာပင်ကျေးရွာအထက်က စစ်ရဟတ်ယာဉ်နှစ်စီးဝဲပျံပြီး အုတ်ဖိုတစ်ခုနားအရောက်မှာ ရဟတ်ယာဉ်နဲ့ ပစ်တယ်လို့ မျက်မြင်ဒေသခံတွေကပြောပါတယ်။

“ဟုတ်တယ် မနေ့ကတိုက်ပွဲဖြစ်တယ်။ လယ်ယာဉ်နှစ်စီးနဲ့ ပစ်တယ်။ ပစ်တာတစ်ခုပဲမြင်ရတယ်။ မနက်ဖက် ၇ နာရီနဲ့ ၈ နာရီလောက်မှာ တိုက်ပွဲပြောင်းပြောင်းဖြစ်တယ်။ တိုက်ပွဲဖြစ်လို့ ကားတွေလည်းမသွားဘူး။ တိုက်ပွဲဖြစ်ပြီးတာနဲ့ ကားတွေထွက်သွားတယ်။ ဦးဇင်းတို့ ဆွမ်းသုံးပြီးတာနဲ့ လေယာဉ်လာတယ်။ ၁၁ နာရီ လောက်မှာပစ်တာ။ ’’လို့ မင်းပြားမြို့နယ် ဖေသာပင်ရွာဆရာတော်က ပြောပါတယ်။

ဒီကနေ့ နေ့လည်၁၂ နာရီခန့်မှာလည်း ရဟတ်ယာဉ်ရောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က “ မနေ့က ဗုံးကြဲတာမှာ ခွဆုံရွာအနီးက တောင်တန်းတွေကိုပစ်တယ်။ တဲတွေပါသွားတယ်။ လယ်သမားတွေမှာ ကျွဲတွေနွားတွေစားဖို့ ကောက်ရိုတွေပါသွားတယ်။ အားလုံးမီးတောက် ကျန်လိုက်တယ်လို့ပြောတယ်။ ”လို့ ပြောပါတယ်။

အေအေရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးပထမတန်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ကလည်း တပ်မတော်နဲ့ အေအေတို့ဟာ ရာမောင်တံတားအနီးတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၅ ရက်နေ့ကလည်းတိုက်ပွဲဖြစ်ပွားခဲ့ရာ အနီးအနားရှိကျေးရွာတွေက ရွာသူ၊ ရွာသားတွေဟာ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့ကလည်း မင်းပြာမြို့နယ်၊ ငစရိုင်းကိုင်းကျွန်းမှာစစ်ကား ၅ စီးပါ တပ်မတော်ယာဉ်တန်းတစ်ခုကို အေအကတိုက်ခိုက်ခဲ့ရာ တပ်မတော်ဖက်ကနေ ကားနှစ်စီးမီးလောင်သွားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မင်းပြား #တိုက်ပွဲ #တပ်မတော် #ရဟတ်ယာဉ်သုံးတိုက်ခိုက် #အေအေထုတ်ပြန်

Related posts

Leave a Comment

VOM News

FREE
VIEW