ဇန်နဝါရီလ (၁၁) ရက်နေ့ဟာ ရခိုင်မှာတိုက်ပွဲအများဆုံးနေ့လို့ အေအေထုတ်ပြန်
ဇန်နဝါရီလ (၁၁) ရက်နေ့ဟာ ရခိုင်မှာတိုက်ပွဲအများဆုံးနေ့လို့ အေအေထုတ်ပြန်
မင်းပြား၊ ဇန်နဝါရီ ၁၂- ၂၀၂၀
ခိုင်လင်းစံ(VOM)
ရခိုင်ပြည်နယ်အတွင်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့တွေမှာ တိုက်ပွဲ အများဆုံးနေ့မှာ ဇန်နဝါရီလ (၁၁) ရက်နေ့ဟာ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့တဲ့ နေ့တစ်နေ့လို့ အေအေကထုတ်ပြန်လိုက်ပါတယ်။
ဇန်နဝါရီလ(၁၁) ရက်နေ့မှာ တိုက်ပွဲတွေပြင်းထန်သကဲ့သို့ တပ်မတော်ဖက်မှ အသေအပျောက်အများဆုံးနေ့တစ်နေ့လည်းဖြစ်ခဲ့တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။
၂၀၂၀ ခုနှစ်နှစ်ဆန်းပိုင်းကစပြီး ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့နဲ့၊ ချင်းပြည်နယ်၊ ပလက်ဝဒေသအတွင်းက တိုက်ပွဲတွေဟာ နေ့တိုင်းနီးပါးဖြစ်ပွားလျှက်ရှိပြီး တိုက်ပွဲအရှိန်ဆိုရင် ဆက်လက်မြင့်တက်လျှက်နေတာကြောင့် အေအေအနေဖြင့် တိုက်ပွဲတွေ လျော့ဖို့ကြိုးစားနေပေမဲ့ တပ်မတော်ဟာ ကြီးမားတဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို အရှိန်အဟုန်မြှင့်ဆက်လက်လုပ်ဆောင်နေတာ၊ လက်နက်၊လူအင်အားအများအပြားကိုထပ်မံပို့ဆောင် နေတာကြောင့် အခုလိုတိုက်ပွဲတွေ ပိုမိုပြင်းထန်နေတာဖြစ်တယ် လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
ဇန်နဝါရီ(၁) ရက်မှ (၁၁) ရက်အတွင်း တိုက်ပွဲအကြိမ်အရေအတွက်(၃၈) ကြိမ်အထိရှိခဲ့ပြီး တိုက်ပွဲဧရိယာဟာလည်းတစ်ရက်ထက်တစ်ရက်ပိုမိုကျယ်ပြန့်လာခဲ့ကာ ဆယ့်တစ်ရက်တာကာလအတွင်း တပ်မတော်ဖက်မှ အရာရှိကြီး၊ အရာရှိငယ်အချို့အပါအဝင် သေဆုံးသူ(၇၅) ဦးနှင့် ဒဏ်ရာရသူ( ၄၂)ဦးအထက်ရှိခဲ့ပြီး ရခိုင်စစ်မျက်နှာပြင်မှာ တပ်မတော်ရဲ့ ထိုးစစ်မှာအထိနာလျှက်ရှိတယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မနေ့ကတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ချင်းပြည်နယ် ပလက်ဝ စတဲ့မြို့နယ်တွေဖြစ်ကြောင်းသိရပါတယ်။
မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က”ချင်း(ဖားပြို)ရွာမှာ တိုက်ပွဲဖြစ်တယ်လို့တော့ မကြားမိဘူး။ တိုက်ပွဲဖြစ်လား မဖြစ်လားမသိဘူး။ မနေ့ကတော့ ကျဉ်းတောင်က လက်နက်ကြီးပစ်တယ်။ လေယာဉ်လည်း ပါတယ်လို့ပြောသံကြားတယ်။ ” လို့ ပြောပါတယ်။
မြေပုံမြို့နယ်၊ စညှင်းရွာအနောက်မြောက်ဘက် (၄) ကီလိုမီတာအကွာအဝေးရှိတောင်တန်းမှာ တပ်မတော်က အေအေရှိတဲ့နေရာသို့ ဝင်ရောက်လာတာကြောင့် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကာ ညနေ(၄) နာရီ(၄၄) မိနစ်မှာ တပ်မတော်ဖက်က ရဟတ်ယာဉ်(၂) စီးနဲ့ (၁၅) မိနစ်ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရတဲ့ထိ တိုက်ပွဲပြင်းထန်ပြီး တပ်မတော်ဖက်မှအထိအခိုက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
” စညင်းကျေးရွာအုပ်စုမှာ လူတွေမရှိတော့ဘူး။ မနေ့ကတော့ အဲ့ဒီဖက်မှာ အသံတွေကြားရတယ်လို့ သတင်းပေတာရှိတယ်။ အဲ့မာတော့အမြဲတမ်းဖြစ်နေတာ။ စညင်းအုပ်စုမှာဖြစ်တာလား၊ မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်ရဲ့ နယ်စပ်မှာဖြစ်တာလား အသေချာမသိဘူး။ “လို့ မြေပုံမြို့နယ် ပြည်သူလွှတ်ကိုယ်စားလှယ် ဦးဖေသန်းကပြောပါတယ်။
ဆက်လက်ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့လည် (၁) နာရီ (၃၈) မိနစ်မှာလည်း ဘူးသီးတောင်မြို့နယ်၊ အောင်ဇေယျရွာအနီးမှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
” မနေ့ကတိုက်ပွဲဖြစ်တာတော့ဟုတ်တယ်။ ညနေ ၃ နာရီလောက်မှာ ရွာကလူတွေက တေလီဖုန်းနဲ့ သတင်းပေးကြတယ်။ ဘူးသီးတောင်မြို့နယ် အောင်ဇေယျ၊ ဒိုးဝေ၊ ပေါက်တော အဲ့ဒီရွာသုံးရွာကြားက လယ်ကွင်းမှာဖြစ်တယ်လို့ ကြားတယ်။ တိုက်ပွဲက တစ်နာရီလောက်ကြာခဲ့တယ်လို့သိရတယ်။ ညနေ ၃ နာရီကနေ ၄ နာရီကျော်အထိလို့ပြောတယ်။”လို့ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောပါတယ်။
တပ်မတော်ဖက်က အေအေတွေကို ရသေ့တောင်မြို့နယ်၊ အမှတ်(၅၃၇) တပ်ရင်းမှလည်းကောင်း၊ ရသေ့တောင်မြို့နယ် ရေစိုးချောင်းဗျူဟာကလည်းကောင်း လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့သလို ညနေ(၃) နာရီ(၁၀) မိနစ်မှာ ရဟတ်ယာဉ်(၂) စီးနဲ့ မိနစ်(၃၀) ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အေအေဖက်က ထုတ်ပြန်ပါတယ်။
ယခုလိုမျိုးအေအေရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သတ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ပေမယ့် အဆက်သွယ်မရခဲ့တာကြောင့် တပ်မတော်ဖက်မှ တုန့်ပြန်မှုကို မရရှိခဲ့ပါဘူး။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်ပွားတာ တစ်နှစ်ကျော်ကြာနေပြီးဖြစ်ရာ လက်ရှိရခိုင်ပြည်နယ်အတွင်းကတိုက်ပွဲတွေအကြား နေရပ်စွန့်ခွာထွက်ပြေးသူ ဦးရေဟာ တစ်သိန်းကျော်ရှိပြီးတော့ တစ်နေ့ထက်တစ်နေ့ ဒုက္ခသည်ဦးရေ ပိုမိုများလာတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စာရင်းအရ သိရှိရပါတယ်။
#voiceofmyanmar #VOM #ရခိုင်မှာတိုက်ပွဲအများဆုံးနေ့ #AA
Zawgyi
ခိုင်လင်းစံ(VOM)
Related posts
Leave a Comment
VOM News
FREE
VIEW