ရသေ့တောင်မှာ ICRC က ကယ်ဆယ်ရေးပေးနေတဲ့ ရေယာဉ်တစ်စီး ပစ်ခတ်ခံရပြီး လူ (၁) ဦးသေဆုံး

အောက်တိုဘာ ၂၈-၂၀၂၀
ထက်အောင်စိုင်း (VOM)

ရသေ့တောင်မြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက မေယုမြစ်အတွင်း နိုင်ငံတကာကြက်ခြေနီအသင်း(ICRC) က ဘုတ်(ရေယာဉ်)တစ်စီးပစ်ခတ်ခံရပြီး ရေယာဉ်မှာပါလာတဲ့ အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရတဲ့ ICRC က ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ဘုတ်(ရေယာဉ်) ဟာ ရသေ့တောင်မြို့နယ်အတွင်း ကယ်ဆယ်ရေးပစ္စည်းတွေထောက်ပံ့ပေးနေတဲ့ ရေယာဉ်ဖြစ်ပြီး ပြိန်းတောကျေးရွာအနီး မေယုမြစ်အတွင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရကာ ရေယာဉ်မီးလောင်း နစ်မြုပ်သွားတယ်လို့ သိရပါတယ်။

အဲ့ဒီ ရေယာဉ်မှာပါလာတဲ့ လူ (၄) ဦးထဲက တစ်ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရရှိသွားကြောင်းနဲ့ သေဆုံးသွားသူမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်ချောင်းကျေးရွာက ကိုမောင်ချေ (၁၈) နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူတွေကတော့ ပုဏ္ဏားကျွန်းမြို့နယ်က တစ်ဦး၊ မြောက်ဦးမြို့နယ်က တစ်ဦးနဲ့ ကျောက်ဖြူမြို့နယ်က တစ်ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကိုဘက္ကာကိုဆက်သွယ်ရာမှာတော့ “ ဘုတ်(ရေယာဉ်) က မြုပ်သွားတယ်လို့ကြားပါတယ်။ သူတို့က ညောင်ချောင်းကျေးရွာမှာ ကယ်ဆယ်ရေးပစ္စည်းတွေ ချထားခဲ့ပြီ။ နောက်ထပ် စဖိုကျွန်း၊ ရက်ခုန်တိုင်၊ ဆင်ခုန်းတိုင်နဲ့ အာကာတောင် အဲ့ဒီရွာတွေမှာချဖို့လာတာမှာ ပြိန်းတောအနီးမှာ အပစ်ခံရတာ။ အလောင်းကို တွေ့လားမတွေ့လားတော့မသိဘူး“ လို့ ပြောပါတယ်။

ဒဏ်ရာရှိသွားတဲ့ ကျောက်ဖြူနဲ့ မြောက်ဦးမြို့နယ်က (၂) ဦးကို လက်ရှိမှာ စေတီပြင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းနဲ့ သူတို့ (၄) ဦး စီးနင်းလိုက်ပါလာတဲ့ ဘုတ်ဟာ စစ်တွေမြို့က ရွှေလင်းသူအမည်ရတဲ့ ရေယာဉ်ဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကလည်း မေယုမြစ်အတွင်း ဘုတ် တစ်စီး ပစ်ခတ်ခံရပြီး မီးလောင်နေတာကို ကြားသိရကြောင်း အတည်ပြုပြောပါတယ်။

အဲဒီ ICRC က ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းတွေတင်ဆောင်လာတဲ့ ဘုတ် ကို ပစ်ခတ်တာနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

Photo – See Yazar Tun
#voiceofmyanmar #VOM #ရသေ့တောင် #ဘုတ်တစ်စီးပစ်ခတ်ခံရ #လူတစ်ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW