စက္ကရေကျေးရွာမှာ လက်နက်ကြီးကျပြီး လူ(၃)ဦး လက်နက်ကြီးကျည်ထိမှန်

အောက်တိုဘာ ၂၉-၂၀၂၀
ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက လက်နက်ကြီးငယ် ပစ်ခတ်မှုတွေဖြစ်ပွားပြီး စက္ကရေကျေးရွာက အသက် (၁၄) နှစ်နဲ့ (၁၃) နှစ်အရွယ် မိန်းကလေးငယ် နှစ်ဦးအပါအဝင် အသက် (၆၀) အရွယ် လူကြီးတစ်ဦး လက်နက်ကျည်ထိမှန် ဒဏ်ရာရရှိသွားပြီး အသက် (၁၄) နှစ်အရွယ် မိန်းကလေးဟာ ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

စစ်တွေဆေးရုံကိုရောက်နေတဲ့ ကလေးဟာ အသက် (၁၄) နှစ်အရွယ် (၆) တန်းကျောင်းသူ မသန်းသန်းစိုး ဖြစ်ပြီး ညာဖက် ပေါင်ကို ကျည်ဝင်ဒဏ်ရာနဲ့ ကျန်တဲ့ နှစ်ဦးကတော့ မဌေးဌေးဝင်း အသက် (၁၃)နှစ်နဲ့ ဦးအောင်ကျော်နု အသက် (၆၀) နှစ်တို့ဖြစ်ကာ ဒဏ်ရာပြင်းထန်မှုမရှိတာကြောင့် ပေါက်တော်မြို့နယ်၊ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ မသန်းသန်းစိုးရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။

မသန်းသန်းစိုးရဲ့ ဖခင်ဖြစ်သူ ဦးအောင်တင်ဝင်းပြောပြတာက “ မနက်ပိုင်း ၉ နာရီလောက်က ပစ်ခတ်မှုတွေဖြစ်ပါတယ်။ ကျနော့်သမီးလေးက အိမ်အောက်မှာ ဝပ်နေပါတယ်။ အဲ့ဒီမှာ ကျည်တွေက ဘယ်ဖက်ကလာလဲမသိဘူး။ ရွာထဲတွေကို ကျလာပါတယ်။ စစ်သားတွေကပစ်တာပါ။ သူတို့က လက်နက်ကြီးနဲ့လည်းပစ်တယ်။ လက်နက်ငယ်တွေနဲ့လည်းပစ်တယ်။ မနက်က တိုက်ပွဲလည်း မဖြစ်ဘူးလို့ ပြောပါတယ်။ သူတို့က အရမ်းပစ်လာတာပါ”လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ အဆက်အသွယ်ရရှိဖို့ ကြိုးစားနေပြီး လက်ရှိအချိန်ထိ ဖုန်းလက်ခံဖြေကြားတာမရှိသေးပါဘူး။

အခုလိုမျိုး သမီးတစ်ယောက်ဒဏ်ရာရရှိသွားတာကြောင့် ဝမ်းနည်းမိကြောင်းနဲ့ ပစ်ခတ်မှုတွေကြောင့် စားဝတ်နေရေးအတွက် ရှာဖွယ်စားသောက်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေကြောင်း ဦးအောင်တင်ဝင်းက ပြောပါတယ်။

မနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီလောက်ကလည်း ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်းမှာ စက်လှေ(ဘုတ်)တစ်စီး ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသား နှစ်ဦးဒဏ်ရာရှိသွားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မင်းပြား #လက်နက်ကြီးကျ #လူ၃ဦးဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW