၁၆မိုင်ဂိတ်မှာတွေ့တဲ့ ချိန်ကိုက်မိုင်းဟာ သောင်းကြမ်းသူတွေအသုံးပြုလေ့ရှိတဲ့ မိုင်းဖြစ်တယ်လို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကပြော

အောက်တိုဘာ ၂၉-၂၀၂၀
ဖြူဖြူ(VOM)

မန္တလေး-ပြင်ဦးလွင်သွားရာကားလမ်းရှိ ၁၆ မိုင်စစ်ဆေးရေးတိုးဂိတ်မှာ မနေ့ အောက်တိုဘာ ၂၈ရက်နေ့ညပိုင်းကတွေ့ရှိခဲ့တဲ့ ချိန်ကိုက်မိုင်းဟာ သောင်းကြမ်းသူတွေအသုံးပြုတဲ့ မိုင်းဖြစ်ပြီး အနည်းဆုံးမီတာ သုံးဆယ်လောက်အတွင်းကို ပေါက်ကွဲနိုင်တယ်လို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုးကြည်ခင်က ပြောပါတယ်။

“ယမ်းက ကိုးလုံးပါတယ်ဆိုတော့ ပြင်းအားက သာမန်လောက်ရှိတာပေါ့။ အနည်းဆုံးမီတာ သုံးဆယ်လောက်ကတော့ ထိရောက်မှုရှိတာပေါ့။ ဒါက လက်လုပ်မိုင်း၊ သောင်းကြမ်းသူတွေ အများဆုံးအသုံးပြုတဲ့မိုင်းပဲ”လို့ ဗိုလ်မှူးကြီး စိုးကြည်ခင်ကပြောပါတယ်။

ချိန်ကိုက်မိုင်းကို အောက်တိုဘာ ၂၈ ရက် ည ၈ နာရီဝန်းကျင်က ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာရှိ ၁၆ မိုင် စစ်ဆေးရေးဂိတ်အနီးမှာ တိုးဂိတ်မှာတာဝန်ကျတဲ့ အမှတ်-၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်က တပ်သားနှစ်ဦးဟာ ဆိုင်ကယ်နဲ့ ဖြတ်သွားချိန် လမ်းဘေးမှာ မသင်္ကာဖွယ်ရာ ကြွပ်ကြွပ်အိတ်အမဲရောင်နဲ့ ဖုံးအုပ်ထားတဲ့ အရာကိုတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာကို သတင်းပေးပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ည ၉ နာရီခွဲဝန်းကျင်မှာတော့ ချိန်ကိုက်မိုင်းကို အသက်မဲ့အောင် လုပ်ဆောင်နိုင်ခဲ့ပြီး
ဖြစ်စဉ်နဲ့ပတ်သက်လို့ အမှုဖွင့်ဆောင်ရွက်နေတာ မရှိသေးဘဲ လုံခြုံရေးပိုင်းကိုတော့ ဆောင်ရွက်နေတယ်လို့ အုန်းချောနယ်မြေရဲစခန်းကနေ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #၁၆မိုင်ဂိတ် #ချိန်ကိုက်မိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW