ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ဗီနိုင်း၊ စတစ်ကာတွေကို ခြေနဲ့ကန်ပြီးဖျက်ဆီးခဲ့တဲ့ လူငယ်တွေက ပြန်လည်ဝန်ချတောင်းပန်

နိုဝင်ဘာ ၂-၂၀၂၀
သူရိန်(VOM)

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ၊ သက္ကယ်သောင်ကျေးရွာမှာ မနေ့ နိုဝင်ဘာ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDက စိုက်ထူထားတဲ့ အလံတွေ၊ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ၊ စတစ်ကာတွေကို ခြေထောက်နဲ့ကန်ပြီး ဖျက်ဆီးခဲ့တဲ့လူငယ်တချို့ဟာ ပြန်လည်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလူငယ်တွေဟာ ငပုတောမြို့နယ် ၊ သက္ကယ်သောင်ကျေးရွာကဖြစ်ပြီး ဒီကနေ့ နိုဝင်ဘာ ၂ ရက် မနက်ပိုင်းက သူတို့ရဲ့လုပ်ရပ် မှားယွင်းတာကိုသိရှိပြီး ဝန်ချတောင်းပန်၊ ကန်တော့ခဲ့ကြတယ်လို့ သိရပါတယ်။

” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ၊ NLDအလံ နဲ့ စတစ်ကာတွေကို ဖျက်ဆီးခဲ့တဲ့လူငယ်တွေကဝန်ချတောင်းပန်ခဲ့လို့ သက္ကယ်သောင်ကျေးရွာ NLD အလုပ်အမှုဆောင်အဖွဲ့ကလည်း လူငယ်တွေကို ခွင့်လွှတ်ပေးခဲ့ပါတယ်”လို့ သက္ကယ်သောင်ကျေးရွာNLD အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ သက္ကယ်သောင်ကျေးရွာ အလုပ်အမှုဆောင်အဖွဲ့က အမှုဖွင့်ဖို့ စီစဉ်ထားတာကိုလည်း ဖျတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ တည်ငြိမ်မှုဟာ အရေးကြီးလာပြီး မည်သူက မြှောက်ပေး မြှောက်ပေး၊ မည်သူက ရန်စ ရန်စ ပြည်သူတွေက တရားဥပဒေစိုးမိုးရေးဘက်က ရပ်တည်ပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၂၉ ရက်ညပိုင်းမှာ လူမှုကွန်ရက်ကတစ်ဆင့် ပြောကြားထားတာဖြစ်ပါတယ်။

Photo – လူငယ့်အားမာန်(FB)
#voiceofmyanmar #VOM #ငပုတော

Related posts

Leave a Comment

VOM News

FREE
VIEW