မကွေးမြို့မှာ ကြိုတင်မဲလာပေးတဲ့ အသက် ၇၀ ကျော် အမျိုးသားကြီးတစ်ဦး ကိုဗစ်ပိုးတွေ့

နိုဝင်ဘာ ၄-၂၀၂၀
ကောင်းလက်ျာ (VOM)

မကွေးတိုင်း‌၊ မကွေးမြို့နယ်၊ သိင်္ဂါရပ်ကွက်ရှိ မဲရုံကို ကြိုတင်မဲလာပေးခဲ့တဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသားကြီးတစ်ဦးမှာ Covid-19 ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ မကွေးခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးအောင်သူရကပြောပါတယ်။

” ဒီကနေ့မနက်က စစ်ဆေးတွေ့ရှိခဲ့တာပါ။ ထိတွေ့သူတွေကို စစ်ဆေးရာမှာ ပိုးမရှိဘူးလို့သိရတယ်၊ ကျန်တဲ့အချက်အလက်ကတော့ ကျန်းမာရေးဘက်ကပဲ သိနိုင်ပါမယ်”လို့ ဦးအောင်သူရကပြောပါတယ်။

သိင်္ဂါရပ်ကွက်၊ မြသီတာလမ်းမှာနေတဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသားကြီးဟာ အောက်တိုဘာလ၂၉ ရက်နေ့က ရပ်ကွက်ကြိုတင်မဲရုံမှာ မဲလာပေးခဲ့ပြီးတဲ့နောက်ပိုင်း လေဖြတ်ဝေဒနာကြောင့် မကွေးတိုင်း‌တိုင်းဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေချိန် Test Kitနဲ့ စစ်ဆေးကြည့်ရာကနေ Covid-19 ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိင်္ဂါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

” နောက်ကြောင်းရာဇဝင် တိတိကျကျ မသိရသေးဘူး ဖြစ်နေပါတယ်။ ကော်မရှင်ရုံးထိတွေ့သူတွေကို Test Kit နဲ့ စစ်ဆေးတာတော့ နက်ဂတစ်ပါ”လို့ သိင်္ဂါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးခန့်က ပြောပါတယ်။

ကိုဗစ်ပိုးတွေ့လူနာနဲ့ထိတွေ့ခဲ့တဲ့ ရပ်‌ကျေးကော်မရှင်အဖွဲ့ဝင် ၆ ဦးကို ဒီကနေ့မှာပဲ Test Kit နဲ့ စစ်ဆေးရာ ပိုးမတွေ့ရပေမယ့်လည်း အတူနေမိသားစုဝင် ၅ ဦးကို Homeကွာရန်တင်းပြုလုပ်ထားပြီဖြစ်တယ်လို့ သိင်္ဂါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

သိင်္ဂါရပ်ကွက် ကြိုတင်မဲရုံမှာ အောက်တိုဘာ ၂၉ ရက်နေ့က စတင်ပြီး အသက် ၆၀နဲ့အထက် သက်ကြီးရွယ်အိုတွေကို ဆန္ဒမဲစတင်ပေးခဲ့ပြီး ဒီကနေ့အချိန်ထိ ကြိုတင်မဲပေးပြီးသူ ဦးရေ ၅၀၀ ကျော်ရှိလာပြီဖြစ်တယ်လို့သိရပါတယ်။

Photo – မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
#voiceofmyanmar #VOM #မကွေး #ကြိုတင်မဲပေးသူ #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW