ကျောက်ဖြူမြို့နယ်က ဒေသခံရာနဲ့ချီ တိုက်ပွဲမရှိဘဲ နေရပ်စွန့်ခွာပြီး ဇိုင်ချောင်းကျေးရွာက ဒေသခံ (၁၀၀)ခန့် ပိတ်လှောင်ခံထားရ

နိုဝင်ဘာ ၅-၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်အတွင်း အခုရက်ပိုင်း စစ်ရေးပဋိပက္ခဖြစ်ပွားမှုမရှိတဲ့ ကျောက်ဖြူမြို့နယ်က ဒေသခံရာနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့အပြင် ဇိုင်ချောင်းကျေးရွာက ဒေသခံ ၁၀၀ခန့် ပိတ်လှောင်ခံထားရတယ်လို့ သိရပါတယ်။

ဇိုင်ချောင်းကျေးရွာက ထွက်ပြေးလာတဲ့ ဒေါ်သာနုကြည်ပြောတာကတော့” ရွာမှာ ဘာဖြစ်လို့ထွက်ပြေးလာလည်းဆိုတော့ စစ်သားတွေက တက်လာကြတယ်။ ဟိုဖက်ပိုင်းတွေမှာ ဖြစ်တာတွေကို ကိုယ်တွေ့မကြုံဖူးပေမယ့် နားတွေ၊ မျက်လုံးတွေက အားလုံးဝနေကြပြီ။ သူတို့တွေ သွားရင် ကိုယ့်ဟာနဲ့ကို သွားတာမဟုတ်ဘူး။ သူတို့က ရွာကိုဝင်ရင် အမျိုးသမီးဆိုရင်အမျိုးသမီး၊ ကိုယ်ဝန်သည်တွေ၊ ကလေးတွေကို ခေါ်တယ်။ ခေါ်ပြီးတော့ မေးမြန်းတယ်၊ ရိုက်နှက်တယ်။ အခုလည်း ရွာကစာသင်ကျောင်းထဲမှာ လှောင်ထားတာ လူပေါင်း (၁၀၀) လောက်ရှိမယ်ထင်တယ်။ အဲ့ဒီထဲမှာ ကျမရဲ့ ဆွေမျိုးတွေလည်း ပါပါတယ်။ ကျမရဲ့ အဘိုးလည်း ကျန်ခဲ့ပါတယ်။ သူတို့အတွက် အစစအရာရာစိုးရိမ်မှု ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

ဇိုင်ချောင်းကျေးရွာက ထွက်ပြေးလာတဲ့ ဒေသခံတွေရဲ့ပြောကြားချက်နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

အခုလက်ရှိ ကျောက်ဖြူမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကြောက်လန့်ပြီးထွက်ပြေးလာရတဲ့ ကျောက်ဖြူမြို့နယ်ဒေသခံပေါင်း (၃၀၀) လောက် ရောက်ရှိနေကြောင်းနဲ့ ကျောက်ဖြူမြို့မပရဟိတကျောင်းမှာ ခိုလှုံနေပြီး မြို့ပေါ်ဒေသခံတွေက စားနပ်ရိက္ခာတွေကူညီပေးထားကြောင်း ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကိုထွန်းထွန်းနိုင်က ပြောပါတယ်။

“ အခုတော့ ကျောက်ဖြူမှာ လူ (၃၀၀) လောက်ရောက်နေပါတယ်။ သူတို့ရဲ့ စားဝတ်နေရေးပိုင်းကတော့ မြို့ပေါ်မှာပဲ ထမင်းထုပ်ကောက်လိုက်ရင် အဆင်ပြေပါတယ်။ နေဖို့ထိုင်ဖို့လည်း အားလုံးစီစဉ်ထားပြီးပါပြီ။ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ဖျာတွေအကုန်လုံး အဆင်ပြေပါတယ်။ ထွက်ပြေးလာရတာမှာ ကလေးတွေ အများဆုံးပါပါတယ်။ ဒီမှာက တိုက်ပွဲဖြစ်တာတော့မရှိဘူး။ တကယ်လို့ ဖြစ်လာရင်လည်း ဒီကလူတွေမှာကတော့ ပရဟိတမှာ လူမှုရေးလုပ်နေတာဆိုတော့ အားလုံးအဆင်သင့်လုပ်ထားတယ်။ ပြဿနာ အခက်အခဲအဲ့ဒီလောက်ထိတော့ မရှိပါဘူး”လို့ ပြောပါတယ်။

အခုလိုမျိုး ရာနဲ့ချီတဲ့ ကျောက်ဖြူမြို့နယ်ဒေသခံတွေ ရွေးကောက်ပွဲနီးလာတဲ့အချိန်မှာ နေရပ်စွန့်ခွာထွက်ပြေးလာရတာဟာ စိုးရိမ်စိတ်ရှိအောင် လုပ်ကြံဆောင်ရွက်တာဖြစ်သလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအတွက်လည်း ကောင်းတဲ့လုပ်ရပ်မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှက ဝေဖန်ပြောဆိုပါတယ်။

“ တိုက်ပွဲဖြစ်ပြီးတော့ လူတွေဒုက္ခရောက်တယ်ဆိုတာကတော့ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ တိုက်ပွဲမရှိဘဲ ပြည်သူတွေကို အကြောက်တရားရှိအောင် ပြည်သူတွေကို ခြိမ်းခြောက်မှု လုပ်ရပ်လို့ မြင်တယ်။ လူထုကို လက်နက်အားကိုးနဲ့ ခြိမ်းခြောက်နေတယ်လို့ပဲ မြင်တယ်။ ဒီအချိန်မှာ ပြည်သူလူထုကို အကြောက်တရားရှိအောင် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်ကို စိုးရိမ်စိတ်နဲ့ ကြောက်လန့်ပြီး ထွက်ပြေးရအောင် လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကတော့ မြန်မာနိုင်ငံမှာ ဒီနေ့အချိန်လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်တစ်ခုမဟုတ်တော့ဘူးလို့မြင်တယ်” လို့ ဦးသာထွန်းလှကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်နှောင်းပိုင်းကနေစပြီး တပ်မတော်နဲ့ အေအေတို့ စစ်ရေးတင်မာမှုကနေစတင်ခဲ့ကာ ၂၀၂၀ ခုနှစ်အထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်(၂) သိန်းကျော်ထိရှိလာပြီဖြစ်တယ်လို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ကျောက်ဖြူ #နေရပ်စွန့်ခွာ

Related posts

Leave a Comment

VOM News

FREE
VIEW