ကြိုတင်မဲရုံအတွင်း မဲဆွယ်ဗီဒီယို အသံကျယ်လောင်စွာဖွင့်ထားတဲ့ ရပ်ကျေးရွေး/ကော် အဖွဲ့ဝင် ၂ ယောက်ကို PPPပါတီက အမှုဖွင့်

နိုဝင်ဘာ ၅ -၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာ၊ အမကကျောင်းမှာရှိတဲ့ ကြိုတင်မဲရုံအတွင်း ရပ်ကျေးရွေးကောက်ပွဲကောက်မရှင် အဖွဲ့ဝင် ၂ ယောက်က NLDပါတီ မဲဆွယ် ဗီဒီယို အသံကျယ်လောင်စွာ ဖွင့်ထားတာကို ကြိုတင်မဲပေးနေမှုအား သွားရောက်ကြည့်ရှု့ခဲ့ကြတဲ့ ပြည်သူ့ရှေ့ဆောင်PPPပါတီ ရွှေဘို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖွဲ့က တွေ့ခဲ့ရတဲ့အတွက် မနေ့ နိုဝင်ဘာ ၄ ရက်က ရဲစခန်းမှာ အမှုဖွင့်လိုက်တာဖြစ်ပါတယ်။

” ပြည်သူ့ရှေ့ဆောင်ပါတီ ဒု-ဥက္ကဋ္ဌ ဦးရန်မျိုးသူက တရားလိုလုပ်ပြီး ရပ်ကျေးရွေး/ကော် အဖွဲ့ဝင် ၂ ယောက်ကို မဲရုံအတွင်း မဲဆွယ်ဗီဒီယို အသံကျယ်လောင်စွာ ဖွင့်တဲ့ကိစ္စနဲ့ အမှုဖွင့်တာဖြစ်တယ်၊ ရဲစခန်း ( ပ) ၆၂၈ / ၂၀၂၀ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ-၆၁(က) အရ အမှုဖွင့်ထားတယ် ” လို့ ရွှေဘိုမြို့မရဲစခန်းက ရဲအရာရှိ တစ်ယောက်ကပြောပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့ ညနေပိုင်းက ရွှေဘိုမြို့ ပြည်သူ့ရှေ့ဆောင်PPPပါတီ ဒု-ဥက္ကဋ္ဌ ဦးရန်မျိုးသူနဲ့ အဲ့ဒီပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းနေဦးတို့ဟာ မင်းကျောင်းရွာ ကြိုတငိမဲရုံကို သွားရောက်လေ့လာတဲ့အခါ ရပ်ကျေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်သန်း ဆိုသူက ကြိုတင်မဲရုံထဲမှာ သူရဲ့လက်ကိုင်ဖုန်းနဲ့ “ကျွန်မ အမေတုန်းကလည်း ဗိုလ်ချုပ်ကို သဘောကျလို့ မဲပေးခဲ့တယ် ။ အခု ကျွန်မတို့ အလှည့်ကျရင်လည်း ဗိုလ်ချုပ်သမီး အမေစုကို မဲပေးရမယ် “ဆိုတဲ့ ဗီဒီယိုကို မဲပုံနေရာနဲ့ ၅ ပေအကွာကနေ အသံကျယ်လောင်စွာဖွင့်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းမင်းက အဲ့ဒီမဲဆွယ်ဗီဒီယို အသံကျယ်လောင်စွာဖွင့်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ‘ကိုယ်ကြိုက်တာ ကိုယ်ဖွင့်တာ၊ အမတ်လောင်းနေနေ၊ ဘာနေနေ’လို့ ပြောဆိုခဲ့တာကို PPP ပါတီက မှတ်တမ်းရယူပြီး အဲ့ဒီ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၂ ယောက်ကို အမှုဖွင့်တိုင်တန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေဘို

Related posts

Leave a Comment

VOM News

FREE
VIEW