သန်လျင်ဘိုးဘွားရိပ်သာမှာ လူဦးရေ ၃၈၀ကျော် ကိုဗစ်ပိုးကူးစက်ခံရပြီး သေဆုံးသူ ၅ဦးထိရှိ

နိုဝင်ဘာ ၁၂-၂၀၂၀
သိင်္ဂီထွန်း(VOM )

ရန်ကုန်မြို့၊ သန်လျင်သဘာဝတရားရိပ်သာမှာရှိတဲ့ သီလရှင်၊ ရဟန်း၊ အဖိုး ၊ အဖွား ၊ ဝေယျာဝစ္စလုပ်ကိုင်ပေးသူ စုစုပေါင်း ၃၈၀ ကျော်မှာ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရတာဖြစ်ပြီး ကိုဗစ်ကြောင့်သေဆုံးသူ ၅ ဦးအထိ ရှိထားတယ်လို့ သိရပါတယ်။

မနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ရောဂါသက်သာလို့ ဆင်းခွင့်ရရှိတဲ့ အဖိုး၊အဖွား ၁၇၅ ဦးအထိရှိနေပြီး သူတို့အားလုံးကို သန်လျင် နည်းပညာတက္ကသိုလ်မှာ ဟုမ်းကွာရန်တင်း အဖြစ် ၇ ရက် ထားထားတယ်လို့ သိရပါတယ်။

“ပြန်ဆင်းလာတဲ့သူက ၁၇၅ ယောက်ရှိတယ်။ မနေ့ကထိပေါ့။ ဒီနေ့လည်း ဆင်းဖို့ရှိသေးတယ်။ ညနေပိုင်းမှ သိရမယ်။ သူက သီးသန့်ထားစရာနေရာမရှိလို့။ သူတို့က ပြန်ရင် ၇ ရက်သီးသန့်နေရမှာဆိုတော့ သီးသန့် တစ်ပါးတို့ နှစ်ပါးတို့ အဲ့ဒီလိုမျိုးနေရာတွေပေးစရာမရှိတော့ မြို့နယ်အုပ်ချုပ်ရေးကိုအကူအညီတောင်းပြီးတော့ တိုင်းကျန်းမာရေးနဲ့ညှိပြီးတော့ အဲ့ဒီမှာ ၇ ရက်ထားပြီး လုံးဝပျောက်တော့မှပြန်ရင် တစ်ခါတည်း အဆောင်တွေထဲထည့်ပေးလို့ရတယ်။ အဓိက နေရာအခက်အခဲကြောင့်ပါ။ ၇ ရက်ပဲထားမှာပါ။ ဘိုးဘွားအားလုံး ကျန်းမာရေးကောင်းမွန်ပါတယ်”လို့ သန်လျင်သဘာဝရိပ်သာမှ တာဝန်ခံဒေါက်တာ ကျော်ဇင်သန့်ကပြောပါတယ်။

အဖိုး၊အဖွားတွေမှာ ကိုဗစ်ရောဂါ သက်သာလာတဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ရရှိပြီးနောက်ပိုင်း ရိပ်သာမှာ ဟုမ်းစတေးအဖြစ် ၇ ရက် သီးခြားထားရှိဖို့ နေရာအဆင်မပြေတဲ့အတွက် သန်လျင်နည်းပညာတက္ကသိုလ်မှာ ယာယီထားရှိကာ စောင့်ကြည့်ကုသမှုပေးနေတာဖြစ်ပါတယ်။

“ကွာရန်တင်းစင်တာတွေကနေ အကုန်လုံးအဆင်ပြေပါပြီဆိုပြီးပြန်လွှတ်တာတွေရှိပါတယ်။ ဒါပေမယ့် ရိပ်သာမှာက ကျန်ခဲ့တဲ့သူတွေနဲ့ ရောမထားဘဲ ဟုမ်းစတေး ထားဖို့လိုအပ်တယ်လို့ညွှန်ကြားတဲ့အခါကျတော့ ကျနော်တို့ရဲ့နေရာထိုင်ခင်းအခက်အခဲကြောင့် ဟုမ်းစတေးထားဖို့အခြေအနေက အဆင်မပြေလို့ လောလောဆယ်မှာ စင်တာကနေ ပြန်လွှတ်လိုက်တဲ့ဘိုးဘွားတွေကို သန်လျင်နည်းပညာတက္ကသိုလ်မှာ ၇ ရက်ထားထားပါတယ်။ စင်တာမှာကျန်ခဲ့တဲ့အထဲမှာရော အကုန်လုံး ရောဂါ ကောင်းမွန်ပါတယ်။ ၂ ယောက်ကပဲ High Care ပေးရတဲ့အခြေအနေရှိတယ်”လို့ သန်လျင်သဘာဝရိပ်သာ ရုံးအဖွဲ့မှူး ဦးနန္ဒဝင်းကပြောပါတယ်။

လက်ရှိ သန်လျင်သဘာဝတရားရိပ်သာမှာ အဖိုးအဖွားအပါအဝင် လူ အားလုံးပေါင်း ၃၀၀၀ ကျော်ရှိတဲ့အနက် ၂၈၀၀ ဝန်းကျင်ကို ကိုဗစ်ပိုးရှိမရှိ စစ်ဆေးပြီးဖြစ်ပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့နောက်ပိုင်းကစပြီး ဒီကနေ့အထိ ကျန်တဲ့သူတွေကို စစ်ဆေးမှု ရပ်တန့်ထားတယ်လို့သိရပြီး ရိပ်သာကို အသွားအလာကန့်သတ်ထားဆဲဖြစ်ပါတယ်။

သန်လျင်သဘာဝတရားရိပ်သာမှာ သွေးကင်ဆာ လူနာကို ရန်ကုန်ဆေးရုံကြီးကိုသွားရောက်ပြသရာကနေ ဆေးစစ်မှုအဖြေမှာ ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့တာဖြစ်ပြီး ရိပ်သာတွင်းနေထိုင်သူတွေကိုပါ ကိုဗစ်ပိုးရှိမရှိ စစ်ဆေးခဲ့ရာ ကိုဗစ်လူနာ ၃၈၀ ကျော်အထိ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Photo – နန္ဒဝင်း
#voiceofmyanmar #VOM #ရန်ကုန် #သန်လျင်ရိပ်သာ #ကိုဗစ်လူနာ

Related posts

Leave a Comment

VOM News

FREE
VIEW