ဆန္ဒမဲပေးဖို့ အမည်စာရင်းမပါသူ ၁၀ ယောက်က ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးကို အမှုဖွင့်

နိုဝင်ဘာ ၁၃-၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ယင်းယိမ်ကျေးရွာအုပ်စု၊ သစ်ခက်ကျေးရွာက မဲဆန္ဒရှင် ၁၀ ယောက်ဟာ ဆန္ဒမဲပေးဖို့အတွက် ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးကို မဲဆန္ဒရှင်အမည်စာရင်း လျှောက်ထားခဲ့ပေမယ့် ရွေးကောက်ပွဲနေ့မှာ အမည်စာရင်းပါမလာတာကြောင့် နိုင်ငံသားအခွင့်အရေးဆုံးရှုံးတယ်ဆိုပြီး ကျေးရွာရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးကို မနေ့ နိုဝင်ဘာ ၁၂ ရက်က ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းလိုက်တယ်လို့ သိရပါတယ်။

” မဲဆန္ဒရှင် အမည်စာရင်းတွေ ကြေငြာတော့ သွားကြည့်တယ်၊ အမည်စာရင်းက ပါမလာဘူး၊ အဲ့ဒါကြောင့် ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဆန်ပိုသိုက် ကို အမည်စာရင်းထည့်ပေးဖို့ ပြောခဲ့တယ်၊ အဲ့ဒီနောက် အောက်တိုဘာ ၂၀ ရက်မှာ ဦးဆန်ပိုသိုက် ကို နောက်တကြိမ် ထပ်ပြောတယ် ၊ သူက ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ကိုစိုးမင်းထွန်းဆီ ပြောထားပြီးလို့ ဖြေတယ်၊ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲပေးဖို့ မဲရုံသွားတော့ အမည်စာရင်းမပါလို့ မဲမပေးခဲ့ရဘူး”လို့ အမည်စာရင်းမပါတာကြောင့် ဆန္ဒမဲပေးခွင့် ဆုံးရှုံခဲ့ရသူ တစ်ယောက်က ပြောပါတယ်။

ကနီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အခုကိစ္စနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာတော့ ” ဝင်းမနား နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတာရှိတယ်၊ (ပ) ၃၂/၂၀၂၀၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ-၅၇ နဲ့ဖြစ်တယ်”လို့ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးသူ ၁၀ ဦးရဲ့ကိုယ်စား ဦးဇော်မင်းနိုင်ဆိုသူက ကျေးရွာရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ကိုစိုးမင်းထွန်း ကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကနီ #မဲစာရင်းနာမည်မပါ #အမှုဖွင့်ထား

Related posts

Leave a Comment

VOM News

FREE
VIEW