ထောက်ပံကြေးအတွက် စာရင်းပြုစုနေတဲ့ ဒု-ဦးစီးမှူး ၁ဦး ရုတ်တရက်ထိုးနှက်ခံရ

နိုဝင်ဘာ ၁၉-၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငှက်ပျောခြံကျေးရွာအုပ်စု၊ တောင်းကုန်းကျေးရွာ အလက ကျောင်းဝင်းထဲမှာ မနေ့ နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက နိုင်ငံတော်ထောက်ပံ့ကြေး ရရှိရေးအတွက် စာရင်းပြုစုဖို့ တာဝန်ဆောင်ရွက်နေတဲ့ မြို့နယ်ပညာရေးဌာနက ဒု-ဦးစီးမှူး ရာထူးအဆင့်ရှိသူတစ်ယောက်ဟာ ဒေသခံကျေးရွာသားတစ်ယောက်ရဲ့ ရုတ်တရက် ဝင်ရောက်ထိုးနှက်တိုက်ခိုက်တာကို ခံလိုက်ရတယ်လို့ သိရပါတယ်။

” မြို့နယ်ပညာရေးမှူးရဲ့ တာဝန်ပေးအပ်လို့ ရောက်လာတာဖြစ်တယ်၊ အခြေခံလူတန်းစားတွေ ထောက်ပံကြေးရရှိဖို့ စာရင်းပြုတယ်၊ နောက်ပြီး ရွာလူကြီးတွေနဲ့ ကျောင်းဆောင်အသစ်ဆောက်ဖို့ မြေနေရာကြည့်နေတဲ့အချိန်မှာ ဦးကောင်းရှိန်ဆိုသူရောက်လာပြီး ဆရာ ဦးမောင်ဌေးကို ရုတ်တရက် လုံးထွေးသတ်ပုတ်ခဲ့တာဖြစ်တယ်” လို့ တောင်ကုန်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

ဒု-ဦးစီးမှူး ဆရာ ဦးခင်မောင်ဌေးဟာ ၂၀၁၆ခုနှစ်က တောင်ကုန်းရွာ အ.လ.က ကျောင်းမှာ ကျောင်းအုပ်တာဝန်ထမ်းဆောင်ခဲ့သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

တောင်ကုန်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်ကတော့ “ဆရာ ဦးခင်မောင်းဌေးက ဒီမှာ ကျောင်းအုပ်တာဝန်ထမ်းဆောင်တုန်းက ဘောလုံးကန်ရင်း ကျောင်းသားတစ်ယောက် လက်ကျိုးသွားတယ်၊ ကျောင်းသားက မောင်ဇော်ရဲသူဖြစ်တယ်၊ အဲ့ဒီကိစ္စကို ကျေနပ်မှုမရှိလို့ သူ့အဖေ ဦးကောင်းရှိန်က ဆရာ့ကို အခုလို လုံးထွေးသတ်ပုတ်ပြီး လက်စားချေတာ ဖြစ်နိုင်တယ်”လို့ ပြောပြပါတယ်။

ဒါ့အပြင် ဆရာ ဦးခင်မောင်ဌေးဟာ ကိုယ်ခန္ဓာ နာကျဉ်ဒဏ်ရာနဲ့ ဝဲဘက် လက်သန်း နာကျဉ် ဒဏ်ရာတွေရခဲ့လို့ အရာတော် ပြည်သူ့ဆေးရုံမှာ ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူနေရပြီး အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ အရာတော်မြို့မရဲစခန်းက (ပ)၂၅၉/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၃၂/၃၂၃ အရ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အရာတော်

Related posts

Leave a Comment

VOM News

FREE
VIEW