နေအိမ်ခြံဝန်းရှေ့ တစ်ယောက်တည်းထိုင်နေတဲ့ လူငယ် ၁ ဦး လုပ်ကြံသတ်ဖြတ်ခံရ

နိုဝင်ဘာ ၂၀-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက် နယ်မြေအမှတ်-၇ မှာ နေအိမ်ခြံဝန်းရှေ့ တစ်ယောက်တည်း ဘီယာထိုင်သောက်နေတဲ့ လူငယ်တစ်ယောက်ကို လုပ်ကြံသတ်ဖြတ်သွားတဲ့ ဖြစ်စဉ်တစ်ခု နိုဝင်ဘာ ၁၈ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မုံရွာနယ်မြေရဲစခန်းကနေ သိရပါတယ်။

“သေဆုံးသူဟာ အသက် ၁၇ နှစ်ဖြစ်တယ် ၊ ပါးစပ် သွေးထွက်ဒဏ်ရာ၊ လည်ပင်း ပေါက်ပြဲ ဒဏ်ရာ၊ ဝဲဘက်လက်ကောက်ဝတ် ပွန်းပဲ့ဒဏ်ရာနဲ့ ဝဲဘက်လက်ခုံး ပြတ်ရှဒဏ်ရာတွေ ရရှိထားတာဖြစ်တယ်၊ ုပစ်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကို စစ်ဆေးဆဲဖြစ်တယ် “လို့ မုံရွာနယ်မြေရဲစခန်းက ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

လုပ်ကြံခံရတဲ့ လူနာကို မုံရွာပြည်သူ့ဆေးရုံကြီး အချိန်မှီပို့ဆောင်ခဲ့ပေမယ့် ရရှိဒဏ်ရာပြင်းထန်တဲ့အတွက် ည ၁၀ နာရီကျော်အချိန်မှာ မန္တလေးဆေးရုံကြီးကို လွဲပြောင်း သွားရောက်ခဲ့ပြီးဆေးကုသခဲ့ရာ မနေ့ နိုဝင်ဘာ ၁၉ ရက် မနက် ၉ နာရီက ရရှိဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းကြည်ကို ဆက်သွယ်ရာမှာတော့ ” ပြစ်မှုကျူးလွန်သူတွေကို အချိန်တိုကာလအတွင်း လက်ရဖမ်းဆီးနိုင်ဖို့ လုပ်ဆောင်နေပါတယ်”လို့ ပြောပါတယ်။

အဲ့ဒါကြောင့် မုံရွာနယ်မြေရဲစခန်းက (ပ)၄၁၉/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၂၆ မှ ၃၀၂ သို့ပြောင်းလဲပြီး အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လွန့်ခဲ့တဲ့ ၃ လခန့်ကလည်း မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ ကျောက္ကာလမ်းနဲ့ ဗိုလ်တေဇ လမ်းဆုံအနီး လူစည်ကားတဲ့နေရာမှာ ညနေပိုင်းအချိန် ဆိုင်ကယ်စီးလာတဲ့ လူငယ် တစ်ယောက်ကို ငရဲမီးလို့ယူဆရတဲ့ ဓာတုဆေးရည်တွေနဲ့ ပတ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ရက်နေ့ ညပိုင်းကလည် ချမ်းမြဝတီရပ်ကွက်၊ တက္ကသိုလ်အနီးမှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် စကားပြောနေစဉ် ဆိုင်ကယ်နဲ့ ရောက်လာတဲ့ လူတွေက နာမည်မေးပြီး ရုတ်တရက် ဓားနဲ့ဝင်ခုတ်တာကြောင့် ပြင်းထန်ဒဏ်ရာ တွေရရှိတဲ့အပြင် ကိုယ်အဂ်ါ အစိပ်အပိုင်းတချို့ပါ ပျက်စီးသွားခဲ့တဲ့ ဖြစ်စဉ်တွေလည်း ပေါ်ပေါက်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ #လူငယ်တစ်ဦး #လုပ်ကြံသတ်ဖြတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW