ထောက်ပံ့ကြေးငွေမရလို့ လာရောက်တိုင်ကြားသူကို အုပ်ချုပ်ရေးမှူးရဲ့ အစ်ကိုနဲ့ လူတစ်စုက ရဲဒင်းနဲ့ခုတ်

နိုဝင်ဘာ ၂၄-၂၀၂၀
အေးချမ်းသူ(VOM)

မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာမှာ ထောက်ပံ့ကြေးမရလို့ ဦးဆောင်တိုင်ကြားသူကို အုပ်ချုပ်ရေးမှူးရဲ့ အစ်ကိုဖြစ်သူနဲ့လူတစ်စုက ရဲဒင်း၊ ဒုတ်၊ သံတုတ်၊ လေးခွတို့နဲ့ ဝိုင်းဝန်း ထိုးခုတ်ခဲ့တဲ့ဖြစ်စဉ် နိုဝင်ဘာ ၂၂ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ ရွှေမြယာကျေးရွာ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

“ကိုဝေဖြိုးက လက်သီးနဲ့ထိုးတယ်။ ဝက်ကလေးက သံဒုတ်နဲ့ရိုက်တယ်။ ဝင်းအောင်နဲ့ ဗိုက်ကြီးက လေးခွနဲ့ပစ်တယ်။ သူတို့နဲ့ပါလာတဲ့တစ်ယောက်က ရဲဒင်းနဲ့ခုတ်တာဗျ။ နာမည်တော့ မသိဘူး”လို့ ဒေသခံတစ်ဦးက VOMကိုပြောပါတယ်။

ရွှေမြယာကျေးရွာမှာနေတဲ့ ကိုမျိုးအောင်ဆိုသူဟာ နိုဝင်ဘာ ၂၂ရက်နေ့က နိူင်ငံတော်ထောက်ပံ့ကြေးငွေလေးသောင်းမရသူတွေကို စာရင်းကောက်ယူကာ တိုင်ကြားဖို့ ပြုလုပ်နေချိန် အုပ်ချူပ်ရေးမှူးရဲ့ အကိုဖြစ်သူ ကိုဝေဖြိုးတို့အဖွဲ့မှ ကိုမျိုးအောင်ဆိုသူကို ဝိုင်းဝန်းရိုက်နှက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရွှေမြယာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေမိုးကို VOMက ဖုန်းဖြင့်ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းအောင်ကို ဆက်သွယ်ရာမှာတော့”ကြားပါတယ်။ ဒီလိုဗျ စုပြီးတော့သူက အဂတိကိုတင်တယ်။ တင်တဲ့အခါကျတော့ အဲ့ဒီရွာရဲ့အုပ်ချုပ်ရေးမှူး အကိုကနေ သူ့အဖွဲ့နဲ့ ဝိုင်းပြီးတော့ ရဲဒင်းနဲ့ခုတ်တယ်။ သံတုတ်နဲ့ရိုက်တယ်ပေါ့”လို့ အတည်ပြုပြောပါတယ်။

လက်ရှိအခြေအနေမှာ ကိုမျိုးအောင်ဆိုသူဟာ ဝိုင်းဝန်းရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် မှော်ဘီပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသခဲ့ရာ ဆေးရုံမှာ(အတွင်းလူနာ စိုးရိမ်ရ)အခြေအနေနဲ့ ဆေးကုသမှု ခံယူနေရတယ်လို့ မှော်ဘီမြို့မရဲစခန်းကနေ သိရပါတယ်။

ပြစ်မှုကျူးလွန်သူ ၅ဦးကို (ပ) ၁၄၅၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ- ၃၂၆/၃၂၅/၃၃၇/ ၃၂၃/၁၁၄ တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မှော်ဘီ #ထောက်ပံ့ကြေးကိစ္စ #ရဲဒင်းနဲ့ခုတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW