ကိုရိုနာဗိုင်းရပ်စ် ဇစ်မြစ်ကို စုံစမ်းဖို့ နိုင်ငံတကာကျွမ်းကျင်သူတွေ တရုတ်ကိုသွားတော့မယ်

ဂျီနီဗာ၊ နိုဝင်ဘာ-၂၄-၂၀၂၀
မျိုးဆက် (VOM)
ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့မှုရဲ့ ဇစ်မြစ်ကိုစုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာကျွမ်းကျင်သူတွေ လာရောက်စစ်ဆေးတာကို မကြာမီခွင့်ပြုတော့မယ့် တရုတ်နိုင်ငံက ထပ်မံအာမခံခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်နဲ့ ဘယ်လိုကူးစက်ပျံ့နှံ့ခဲ့လဲဆိုတာကို စုံစမ်းစစ်ဆေးမယ့် နိုင်ငံတကာအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ဖို့အတွက် တရုတ်နိုင်ငံနဲ့ ညှိနှိုင်းခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မေလမှာထုတ်ဖော် ပြောဆိုခဲ့ပြီး ဒီကိစ္စဟာ ခြောက်လကြာမြင့်ပြီဖြစ်ပါတယ်။
တရုတ်အစိုးရတာဝန်ရှိသူတွေအနေနဲ့ ကွင်းဆင်းလေ့လာရေးခရီးစဉ်ကို မြန်နိုင်သမျှ မြန်မြန်ဆောင်ရွက်လိမ့်မယ်လို့ မိမိတို့အနေနဲ့ အပြည့်အဝမျှော်လင့်ထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထိပ်တန်းတာဝန်ရှိသူ မိုက်ရိုင်ယန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဗြိတိန်ဆေးကုမ္ပဏီ AstraZeneca ရဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေးဟာ ထိရောက်မှု ၉၀ ရာခိုင်နှုန်းကျော်ရှိတယ်ဆိုတဲ့ ကြားဖြတ်လေ့လာမှုတစ်ရပ်မှာ တွေ့ရှိခဲ့တဲ့ရလဒ်နဲ့ပတ်သက်ပြီး ကြိုဆိုတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သိပ္ပံဆိုင်ရာ အကြီးအကဲ ဆွာမီနာသန်ကလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ သတင်းကောင်းတွေဟာ အလွန်အားတက်ဖွယ်ဖြစ်ပြီး ကာကွယ်ဆေးအမျိုးမျိုးရရှိရေးအတွက် အခြားကုမ္ပဏီတွေကလည်း ဆက်လက်လုပ်ဆောင် မယ်လို့မျှော်လင့်ကြောင်းသူက ထုတ်ဖော်ပြောဆိုပါတယ်။
Ref : NHK
Photo: Getty Images
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW