ရခိုင်နဲ့ ချင်းမှာ အင်တာနက်ပြန်ဖွင့်ပေးရေး ဒီဇင်ဘာလမကုန်မီ သုံးသပ်သွားဖို့ရှိ

နိုဝင်ဘာ ၂၄-၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသက လက်ရှိပေးထားတဲ့ အင်တာနက်လိုင်းတွေအပေါ် ပိုမိုကောင်းမွန်အောင်ရရှိရေးအတွက် လာမယ့် ဒီဇင်ဘာလ မကုန်မီမှာ တာဝန်ရှိသူတွေအနေနဲ့ ပြန်လည်သုံးသပ်သွားဖို့ရှိတယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကပြောပါတယ်။

” လောလောဆယ်မှာတော့ အဲဒီဟာ (2G)အင်တာနက်က ဒီဇင်ဘာလကုန်အထိ သက်တမ်းတိုးထားတာပေါ့။ အဲဒီတော့ ဒီဇင်ဘာမကုန်ခင် ပြန်သုံးသပ်ပြီးတော့ သူတို့ ပြန်ပြီးတော့ သုံးသပ်ပါလိမ့်မယ်။ ဒီအတိုင်းပဲ ဆက်ထားမလား၊ ဆက်ပေးမလားဆိုတာကိုတော့ အဲဒီအခါကျမှပဲ သိရမယ်။ လောလောဆယ်မှာ ကျနော်ပြောနိုင်တာကတော့ ဒီဇင်ဘာအထိ 2G ပေးထားတာကို သက်တမ်းတိုးထားတာပေါ့။ အင်တာနက်ကလည်း လူမှုစီးပွားရေးမှာ အရေးပါတော့ တာဝန်ရှိတဲ့သူတွေက စဉ်းစားပါလိမ့်မယ်။” လို့ ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကနေစပြီး ဖွင့်ပေးထားတဲ့ 2G အရည်အသွေးရှိ အင်တာနက်အမျိုးအစားကို မူလက (၃)လ သတ်မှတ်ထားတာဟာ အောက်တိုဘာလမှာပဲ အချိန်ပြည့်သွားတဲ့အတွက် လက်ရှိမှာ အောက်တိုဘာကနေ ဒီဇင်ဘာလကုန်အထိ နောက်ထပ် (၃)လ ထပ်မံ သက်တမ်းတိုးထားတာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသတွေမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့ကစပြီး အင်တာနက်လိုင်းတွေပြန်လည်ဖွင့်ပေးခဲ့ရာမှာ 2G အဆင့်သာဖွင့်ပေးခဲ့ပြီး အဲ့ဒီ အင်တာနက်လိုင်းအရည်အသွေးဟာ အလွန်အဆင့်နိမ့်တာကြောင့် အင်တာနက်ကို အရည်အသွေးပြည့်မှီအောင်ဖွင့်ပေးဖို့ ဒေသခံတွေနဲ့ အင်တာနက်အရေးလုပ်ရှားဆောင်ရွက်သူတွေက တောင်းဆိုထားပါတယ်။

ပိတ်ထားတဲ့ အင်တာနက်လိုင်းတွေကို ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ဖုန်းအော်ပရေတာတွေက အင်တာနက်လိုင်းတွေကို ပြန်ဖွင့်ချိန်မှာ 2G အရည်အသွေးနဲ့ အသုံးပြုလို့မရကြောင်း အင်တင်နက်ဖြတ်တောက်ခံခဲ့ရတဲ့ ရခိုင်နဲ့ ချင်ပြည်နယ်တောင်ပိုင်း ပလက်ဝ ဒေသခံတွေက ပြီးခဲ့တဲ့ ဩဂုတ်လက VOM ကို ပြောထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းပလက်ဝ ဒေသက အင်တာနက်လိုင်းတွေကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်က တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေကြောင့် အစိုးရရဲ့ ညွှန်ကြားချက်နဲ့ အင်တာနက်အသုံးပြုမှုတွေကို ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရခိုင် #အင်တာနက်

Related posts

Leave a Comment

VOM News

FREE
VIEW