ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း အမှိုက်မီးရှို့ခြင်းပြုလုပ်ပါက အရေးယူခံရမယ်

နိုဝင်ဘာ ၂၅-၂၀၂၀
သိင်္ဂီထွန်း(VOM)

ရန်ကုန် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်တွေအတွင်း အမှိုက်တွေ စုပုံမီးရှို့ခွင့်မရှိကြောင်း၊ ပြုလုပ်ပါက ဥပဒေအရအရေးယူခံရမှာဖြစ်လို့ အမှိုက်ကားခေါ်ယူစနစ် On call ဆောင်ရွက်ဖို့ စည်ပင်သာယာရေးကော်မတီက ပြောဆိုလိုက်ပါတယ်။

ရပ်ကွက်နေပြည်သူတွေက ရပ်ကွက်အတွင်း အမှိုက်စုပုံမီးရှို့ခြင်းခြင်းကြောင့် မြို့နယ်အတွင်း လေထုညစ်ညမ်းခြင်းကို ဖြစ်ပေါ်စေသလို၊ မီးဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်တွေကိုလည်း ပေါ်ပေါက်လာစေနိုင်တာကြောင့် မီးရှို့တာတွေမလုပ်ဖို့ သတိပေးပြောဆိုတာဖြစ်တယ်လို့ သိရပါတယ်။

“မီးရှို့ခွင့်က ရှိကိုမရှိတာ။ အမှိုက်က စွန့်ပစ်ရမယ့်နေရာမှာပဲ သွားစွန့်ပစ်ရမှာပေါ့။
သွားမစွန့်ပစ်ဘူးဆိုရင် on call စနစ်နဲ့ပြုလုပ်ရမယ်။ on call စနစ်အတွက်က ဝန်ဆောင်ခပေးရတယ်။ ဥပမာ ကားလေးတစ်စီးဆို ၃၅၀၀၀ ပေးရတယ် ၊ကားကြီးဆို ၇၀၀၀၀ ကျတာပေါ့ ဒါကတော့ကားကြီးခေါ်တာပေါ့။ ဒါက on call ခေါ်တာပေါ့။” လို့ တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးလင်းကပြောပါတယ်။

ရပ်ကွက်တွေအတွင်း အမှိုက်ပုံပြီး မီးရှို့ဖျက်ဆီးမှုတွေမဖြစ်စေဖို့ သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးကော်မတီရဲ့ တာဝန်ရှိသူတွေက လိုက်လံစစ်ဆေးဆောင်ရွက်မှုတွေပြုလုပ်မှာဖြစ်သလို အများပြည်သူတွေ ကျယ်ပြန့်စွာသိရှိနိုင်ဖို့အတွက်လည်း ရပ်ကွက်အတွင်း အသိပညာပေးတဲ့ကိစ္စကို လုပ်ဆောင်သွားမယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ဥက္ကလာမြို့နယ်မှာ နေထိုင်တဲ့ ဦးမောင်ဝင်းကို က” မီးရှို့တယ်ဆိုတာ နေ့လယ်လည်းမလုပ်ကြပါဘူး။ မနက်အစောထပြီး လုပ်ကြတာပါ။ မီးရှို့တာကလည်း အပင်ကကျတဲ့ သစ်ရွက်တွေ ၊သစ်ခြောက်တွေကို ရှို့တာ၊ ကိုယ့်ခြံထဲကိုပဲ။ ဒါတွေကို အမှိုက်ကားခေါ်ပြီး ရှင်းခိုင်းရင် ခေါ်ရှင်းခကုန်မယ်၊ အဲ့ဒီတော့ တကူးတက သူတို့်ခေါ်ပြီး ပိုက်ဆံတော့အကုန်ခံမနေဘူး ၊အခုကာလမှာ ဝင်ငွေနဲ့ ထွက်ငွေမှာ အထွက်ကများနေတာမလား၊ မရှို့နဲ့ဆို မရှို့ဘူး၊ သူများတွေလုပ်တာမြင်ရင်တော့ ကိုယ်လည်းလုပ်ရမှာပဲ”လို့ ပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ (၂၀၁၈)ခုနှစ်မှာတော့ “ မည်သည့်စွန်ပစ်အမှိုက် အမျိုးအစားကိုမဆို ကော်မတီက သတ်မှတ်သောနေရာမှအပ စုပုံခြင်း၊ မီးရှို့ခြင်း “များ ဆောင်ရွက်ပါက ဥပဒေအရအရေးယူဆောင်ရွက်နိုင်ကြောင်း ပြဌာန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။

ရပ်ကွက်အတွင်း အမှိုက်မီးရှို့ခြင်းကိစ္စတွေကိုတော့ မြို့တွင်းဧရိယာထက်၊ နေရာကျယ်ဝန်းပြီး လုံးခြင်းအိမ်တွေများတဲ့ အခြေခံလူတန်းစား အများဆုံးနေထိုင်တဲ့ မြို့နယ်တွေဘက်မှာ ပိုပြီးဆောင်ရွက်လေ့ရှိတယ်လို့ သိရပါတယ်။

Photo – ကျောက်တံတားမြို့နယ်စည်ပင်
#voiceofmyanmar #VOM #ရန်ကုန် #စည်ပင်နယ်နိမိတ် #အမှိုက်မီးရှို့ #အရေးယူမယ်

Related posts

Leave a Comment

VOM News

FREE
VIEW