ကုန်တင်ရေယာဉ်တွေ ခရီးသည်တင်ပြီး ပြေးဆွဲရင် ရှောင်တခင်စစ်ဆေးပြီး ဖမ်းမယ်

နိုဝင်ဘာ ၂၈-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ပြေးဆွဲနေတဲ့ ကုန်တင်ရေယာဉ်တွေဟာ ကုန်ပစ္စည်းတွေအပြင် ခရီးသည်တွေကိုပါ တင်ဆောင်ပြေးဆွဲနေတာကြောင့် ရေယာဉ်စီစစ်ရေးအဖွဲ့က ရှောင်တခင် လိုက်လံစစ်ဆေးပြီး ဖမ်းဆီးအရေးယူတော့မှာဖြစ်တယ်လို့ ကလေးဝမြို့ ပုဂ္ဂလိကပိုင်ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ(ရစက)ဆီကနေ သိရပါတယ်။

” ကုန်တင်ရေယာဉ်တွေဟာ ခရီးသည် တင်ဆောင်ပြေးဆွဲလို့ မရဘူး၊ ဥပဒေကလည်း ခွင့်ပြုမထားဘူး၊ ခရီးသည်တင် ရေယာဉ်တွေဟာလည်း ခရီးသည်နဲ့အတူ ကုန်စည်တွေ တင်ဆောင်ပြေးဆွဲလို့ မရဘူး၊ ရေယာဉ်တွေကို ရှောင်တခင် လိုက်လံစစ်ဆေးပြီး စည်းကမ်းပျက်တာတွေ့ရင် ရဲစခန်းမှာ အမှုဖွင့်အရေးယူမှာဖြစ်တယ်”လို့ ရေယာဉ်စစ်ဆေးရေး အဖွဲ့ဝင် ဦးဇော်လင်းထိုက်က ပြောပါတယ်။

မြင်းကောင်ရေ ၂၀ စက်တပ်ရေယာဉ် ကုန်တင် ၂ စီးဟာ ခရီးသည်တွေ တင်ဆောင်ပြေးဆွဲလာတာကို မနေ့ နိုဝင်ဘာ ၂၇ ရက်က ရေယာဉ်စစ်ဆေးရေးအဖွဲ့က တွေ့ခဲ့ရလို့ ရေယာဉ်ပိုင်ရှင်တွေကို ကလေးဝ မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူခဲ့တာတွေရှိတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကစလို့ ကိုဗစ်-၁၉ ရောဂါ ကူးဆက်ပြန့်ပွားမှုကို ထိန်းချုပ်တုန့်ပြန်တဲ့ အနေနဲ့ ခရီးသည်တင်ရေယာဉ်တွေအားလုံးကို ပြေးဆွဲသွားလာခွင့် ယာယီရပ်ဆိုင်းထားတာဟာ အချိန် ၄ လနီးပါးကြာနေတာဖြစ်ပြီး ရေယာဉ်လုပ်ငန်းရှင်တွေသာမက ခရီးသည်တွေလည်း အသွားအလာ အခက်အခဲဖြစ်နေကြပါတယ်။

အဲ့ဒါကြောင့် ပြေးဆွဲခွင့် ရပ်ဆိုင်းထားခြင်းမရှိတဲ့ ကုန်တင်ရေယာဉ်တွေဟာ အစုန် ကုန်စည်မရှိတာကြောင့် ဂိတ်ဖြတ်ကြေးနဲ့ လမ်းစရိတ်ရဖို့ ခရီးသည်တွေကို တင်ဆောင်ပြေးဆွဲကြတာဖြစ်တယ်လို့ ကုန်တင်ရေယာဉ် လုပ်ငန်းရှင်တွေပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စက်မှု၊လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်း(ခ) ဦးသန်းညွှန့် က ” ခရီးသည် ရေယာဉ်တွေ ပြေးဆွဲခွင့်က တိုင်းအစိုးရအဖွဲ့တင် မပြီးဘူး ၊ ဗဟိုအဆင့်က ခွင့်ပြုမှရတာ ၊ ပြေးဆွဲနိုင်ဖို့အတွက် တင်ပြထားပါတယ်”လို့ ပြောပါတယ်။

အဲ့ဒါကြောင့် ကုန်တင်ရေယာဉ်တွေအနေနဲ့ ခရီးသည်တင်ပြီး ပြေးဆွဲတာတွေ ရှောင်ရှားဖို့ ရေယာဉ်ဂိတ်မှူးတွေက အထူးကြပ်မတ်နေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ကုန်တင်ယာဉ် #ခရီးသည်တင်ရင် #ဖမ်းမယ်

Related posts

Leave a Comment

VOM News

FREE
VIEW