လားရှိုးမြို့တွင်းကို ကျန်းမာရေးစစ်ဆေးမှုမခံဘဲ ခိုးဝင်လာသူတွေကို ဘေးစီမံဥပဒေနဲ့အမှုဖွင့်

နိုဝင်ဘာ၂၈-၂၀၂၀
ကောင်းလက်ျာ(VOM)

ရှမ်းပြည်နယ်၊ လားရှိူးမြို့နယ်၊ မယ်ဟန်Covid-19 စစ်ဆေးရေးဂိတ်ကိုရှောင်ကွင်းကာ ကျန်းမာရေးစစ်ဆေးမှုမခံယူဘဲ ခိုးဝင်လာသူ ၆ ဦးနဲ့ တရားမဝင်ခေါ်ဆောင်လာသူ ၄ ဦးကို ဘေးစီမံအက်ဥပဒေတွေနဲ့ အမှုဖွင့်လှစ်အရေးယူမယ်လို့ လားရှိူးမြို့မရဲစခန်းမှူး ဒု-ရဲမှူး မြင့်‌ကျော်က ပြောပြပါတယ်။

” အခုသူတို့ကို RDT စနစ်နဲ့ ရောဂါပိုးရှိ၊မရှိ စစ်ဆေးနေပါတယ်။ သီပေါနဲ့‌တောင်ကြီးဘက်ကနေ ခိုးဝင်လာကြတာဖြစ်ပြီး ခေါ်လာသူတွေနဲ့ ခိုးဝင်သူအားလုံးကို ဘေးစီမံအက်နဲ့အမှုဖွင့်နေပါပြီ”လို့ ဒု-ရဲမှူးမြင့်ကျော်ကပြောပါတယ်။

နိုဝင်ဘာ၂၇ ရက်နေ့ ည ၇ နာရီ ကျော်ခန့်က လားရှိုးမြို့နယ်အဝင် မယ်ဟန်ကျန်းမာရေးစစ်ဆေးရေးဂိတ်ကိုရှောင်ကွင်းကာ ခိုးဝင်ပေါက်အချို့ကနေ ရုတ်တရက်ဝင်ရောက်လာတဲ့ အမျိုးသား ၃ ဦး၊အမျိုးသမီး ၃ ဦးနဲ့ အခကြေးငွေယူပြီး ခိုးသွင်းလာတဲ့ အမျိုးသား ၄ ဦးစုစု‌ပေါင်း ဆယ်ဦးကို မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်နှစ်စီးနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ လားရှိုးမြို့နယ် ကိုဗစ်ရောဂါ ကာကွယ်၊ထိန်းချုပ်ကုသရေးနဲ့အ‌ရေးပေါ်တုန့်ပြန်ရေးဆပ်ကော်မတီအဖွဲ့ကနေ သိရပါတယ်။

သီပေါနဲ့တောင်ကြီးမြို့တွေက ကျန်းမာရေးဦးစီးဌာန ထောက်ခံချက်မပါဘဲ ခိုးဝင်လာသူ ၇ ဦးနဲ့ အခကြေးငွေ ရယူ‌ခေါ်‌ဆောင်လာခဲ့တဲ့သူ ၄ ဦးကို လားရှိုးမြို့မရဲစခန်းမှာ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးအက်ဥပဒေပုဒ်မ-၂၅ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အမှုဖွင့်ထားတဲ့ အမျိုးသား၊ အမျိုးသမီး ၁၀ဦးကို လားရှိုးမြို့ပညာရေးကောလိပ် Facility Quarantine Center မှာ ခေတ္တထားရှိကာ အသွားအလာကန့်သတ်ထားရပြီး ရောဂါပိုးစစ်ဆေးတွေ့ရှိခြင်းမရှိပါက ချုပ်ရမာန်ယူကာ တရားစွဲဆိုသွားမယ်လို့ လားရှိုးမြို့မရဲစခန်းကနေ သိရပါတယ်။

Photo – Lashio
#voiceofmyanmar #VOM #လားရှိုး #ကျန်းမာရေးစစ်ဆေးမှုမခံဘဲဝင်လာသူ #အမှုဖွင့်အရေးယူ

Related posts

Leave a Comment

VOM News

FREE
VIEW