ဖေ့ဘုတ်စ်ကနေ ပိုက်ဆံ ၅၀၀၀ တန် မီးရှို့ဖျက်ဆီးပြခဲ့သူ နှစ်ဦးကို ဗဟိုဘဏ်ဥပဒေနဲ့ အရေးယူမယ်

နိုဝင်ဘာ ၃၀-၂၀၂၀
သိင်္ဂီထွန်း(VOM)

ဖေ့စ်ဘုတ်ကနေ တိုက်ရိုပ် (Live)လွှင့်ပြီး ပိုက်ဆံ ၅၀၀၀ တန်ကို မီးရှို့ဖျက်ဆီးပြခဲ့တဲ့ လင်မယား နှစ်ဦးကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“မီးရှို့ပြသူ ၂ ဦးကို စုံစမ်းဖော်ထုတ်ခဲ့ရာမှာ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် ရပ်ကွက်နေ အမျိုးသားနဲ့ သူရဲ့ဇနီးဖြစ်တာကိုသိရတယ်။ ဒါကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ-၁၀၃/၁၀၇ နဲ့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်”လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဗဟိုဘဏ်က တရားဝင်ထုတ်ထားတဲ့ ပိုက်ဆံကို ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း ဒါမှမဟုတ် အခြား တစ်နည်းနည်းနဲ့ ပုံသဏ္ဍာန်ပျက်ယွင်းအောင်မပြုလုပ်ရဘူးလို့ ဗဟိုဘဏ်ဥပဒေ၊ အခန်း(၁၆)၊ အပိုဒ်-၉၉(က)အရ တားမြစ်ချက်ထုတ်ပြန်ထားတာဖြစ်ပြီး အဲ့ဒီတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကာ ငွေစက္ကူကိုမီးရှို့ပြခဲ့တာကြောင့် အခုလို အရေးယူဖို့ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ ၊ နေ့လယ်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်မှာနေတဲ့ လင်မယား ၂ ဦးဟာ Biggest Shopping & Retail Page ကနေ Live လွှင့်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ထုတ်ထားတဲ့ မြန်မာကျပ်ငွေ ငါးထောင်တန် ငွေစက္ကူကို မီးရှို့ပြခဲ့ကြတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ပိုက်ဆံဖြဲ #အရေးယူမယ်

Related posts

Leave a Comment

VOM News

FREE
VIEW